
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ကျောက်စိမ်းတောင်တံတားအနီး ဖွင့်လှစ်ထားတဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသားတဦးကို အမည်မသိအဖွဲ့က ပြန်ပေးဆွဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့မ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင် ဆိုသူကို အမည်မသိအဖွဲ့က ဇွန် ၁၃ ရက် ညနေပိုင်းမှာ ပြန်ပေးဆွဲခဲ့ပြီး ရွှေ ၁၀ ကျပ်သားနဲ့ ငွေ သိန်း ၃၀၀ နဲ့ လာရွေးဖို့ အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
မိသားစုဝင်နဲ့ နီးစပ်သူတဦးက “ဦးသိန်းလွင်က ညနေ ၄ နာရီလောက် ဆံပင်ညှပ်မယ်ဆိုပြီး ထွက်သွားတယ်။ ည ၇ နာရီလောက်မှာ ဖုန်းဆက်လာတယ်။ ရွှေ ၁၀ သားနဲ့ ငွေ သိန်း ၃၀၀ ကို ဆိုင်းတောင်-ယူမာသွား ကားလမ်းမှာ လပေးဖို့ ဖုန်းဆက်အကြောင်းကြားတယ်။ ဘယ်အဖွဲ့အစည်းက ပြန်ပေးဆွဲမှန်း မသိရဘူး။ အားလုံးကတော့ အသက်အန္တရာယ်အတွက် စိတ်ပူနေကြတယ်” လို့ ပြောပါတယ်။
မြို့မ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းလွင်ဟာ မြို့မိမြို့ဖ စည်ပင်ကော်မတီဝင်နဲ့ ကြံ့ခိုင်ရေးပါတီဝင်တဦး ဖြစ်ခဲ့တယ်လို့ ဒေသခံတွေ ပြောဆိုနေကြပေမဲ့ ကြံ့ခိုင်ရေးပါတီဝင် ဖြစ်တယ်ဆိုတာကို ဒီဗွီဘီအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်မြို့နယ်မှာ သေနတ်ပစ်ခတ်မှု၊ ပိုင်ရှင်မဲ့အလောင်း စွန့်ပစ်မှု၊ အနုကြမ်းစီး ဓားပြတိုက်မှု၊ လုယက်သတ်ဖြတ်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ မတ် ၁၈ ရက်ကလည်း ဆိပ်မူကျေးရွာက ကုန်စုံဆိုင်ပိုင်ရှင် ဦးတင်ဌေး ဆိုသူကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး ခေါ်ဆောင်သွားပါသေးတယ်။










