DVB Logo
Home
မြန်မာသတင်း
YBS ယာဉ်များတွင် ကတ်ဖြင့်ငွေပေးချေစက် ပိတ်ထားသဖြင့် ခရီးသည်များ အခက်တွေ့
DVB
·
June 15, 2023
YBS ယာဉ်များတွင် ကတ်ဖြင့်ငွေပေးချေစက် ပိတ်ထားသဖြင့် ခရီးသည်များ အခက်တွေ့
Donate to DVB

ရန်ကုန်မြို့က YBS ယာဉ်လိုင်းတွေမှာ Yangon Payment Service Company က တပ်ဆင်ထားတဲ့ ယာဉ်စီးခပေးချေစက်အများစု ပိတ်ထားတဲ့အတွက် YPS ကတ်နဲ့ စီးနင်းကြတဲ့ ခရီးသည်တွေ အဆင်မပြေ ဖြစ်နေပါတယ်။

YBS ယာဉ်မောင်းအများစုဟာ ကတ်နဲ့ဖြတ်တဲ့စနစ်ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ယာဉ်တွေမှာ တပ်ဆင်ထားတဲ့စက်တွေ ပျက်နေတယ်လို့ အကြောင်းပြပြီး ခရီးသွား ပြည်သူတွေဆီက ယာဉ်စီးခကို ငွေသားနဲ့သာ ကောက်ခံနေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှ ခရီးသည်တဦးက “မနေ့ကမှ ဆူးလေကနေ YPS ကတ်ထဲ ၅,၀၀၀ ထည့်ခဲ့တာ။ ဒီနေ့ အပြင်ထွက်တော့ စက်တွေက အပျက်တွေကြီးပဲ။ YBS ၂၇ နဲ့ ၁၁၁ မောင်းတဲ့ ကားသမားတွေက ပိတ်ထားတယ် ထင်တယ်။ သူတို့က ငွေပဲကောက်ကြတာဆိုတော့၊ ပုံမှန်အရ‌ဆို စက်ပျက်တာကတော့ မရှိနိုင်ဘူး ထင်ပါတယ်။ ဒီနေ့ဆို အကြွေက ၁၀၀ ပဲပါသွားတာ။ ကတ်နဲ့ချေမရဘူးဆိုတော့ ပိုက်ဆံထည့်ပြီး အကြွေစောင့်ယူရတာက အတော်လေးအလုပ်ရှုပ်ရတယ်” လို့ ပြောပါတယ်။

YPS ကတ် အသုံးပြုတွေအနေနဲ့ ငွေဖြည့်ရာမှာ အလွယ်တကူ ဖြည့်မရဘဲ အခက်အခဲတွေ ဖြစ်နေပြီး YBS ယာဉ်တွေမှာ တပ်ဆင်ထားတဲ့ စက်တွေကို အိတ်အမည်းတွေ စွပ်ထားတာမျိုးတွေ ကြုံနေရတယ်လို့ သိရပါတယ်။

ခရီးသည်အမျိုးသမီးတဦးကလည်း “မြောက်ဒဂုံဘက်ကိုသွားတဲ့ YBS ၁၅ ဆို အမြဲတမ်း စက်ပိတ်ထားတယ်။ ဒီမနက်လည်း ၁၁၆ စီးတာ စက်ကိုပိတ်ထားတယ်။ ပြီးရင် ကတ်ထဲ ငွေဖြည့်တာလည်း လွယ်လွယ်ကူကူ ဖြည့်လို့မရသလို ငွေဖြည့်ဖို့အတွက် မြို့နယ် ၃ ခုလောက် ကျော်ပြီး သွားဖြည့်နေရတယ်။ စက်တပ်ဆင်ထားတဲ့ YBS ကားရဲ့ ယာဉ်မောင်းတွေကိုလည်း စက်ပိတ်မထားဖို့အတွက် သတိပေးထားသင့်တယ်” လို့ ပြောပါတယ်။

ကတ်စနစ်နဲ့ ပေးချေနိုင်တဲ့ YBS ယာဥ်လိုင်းတွေမှာ စက်မဖွင့်ထားတာတွေ၊ အိတ်စွပ်ထားတာတွေ ကြုံရပါက ယာဉ်နံပါတ်နဲ့ လိုင်းနံပါတ်တွေကို ပေးပို့တိုင်ကြားနိုင်ပြီး သက်ဆိုင်ရာ ယာဉ်လိုင်းတွေနဲ့ ပူးပေါင်းကာ စစ်ဆေးအရေးယူပေးမှာဖြစ်တယ်လို့ Yangon Payment Service-YPS Company ဘက်က ဆိုပါတယ်။

ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ YBS ယာဉ်လိုင်းပေါင်း ၆၀ ကျော်မှာ YPS ကတ်တွေကို အသုံးပြုနိုင်ပြီ ဆိုထားပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ YBS ယာဉ်မောင်း အများစုဟာ စည်းကမ်းလိုက်နာမှု မရှိတော့ဘဲ မထသယာဉ်လိုင်းခေတ်ပုံစံမျိုးကို ပြန်လည် ကြုံတွေ့နေရတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်ကြတဲ့ ပြည်သူတွေက သုံးသပ် ပြောဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013