DVB Logo
Home
Lead Story
ပါရီ သဘောတူညီချက်အကြောင်း တစေ့တစောင်း
DVB
·
June 15, 2023
ပါရီ သဘောတူညီချက်အကြောင်း တစေ့တစောင်း
Donate to DVB

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဟာ နိုင်ငံနယ်နိမိတ်ကို ကျော်လွန်ပြီး ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ ဖြစ်လာပါတယ်။ အဆင့်တိုင်းဟာလည်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ညှိနှိုင်းအဖြေရှာဖို့ လိုအပ်တဲ့ ပြဿနာတရပ် ဖြစ်လာပါတယ်။

ကုလသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်းအဖွဲ့က ကမ္ဘာ့အပူချိန် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်ကို ကျော်လွန်သွားမယ်ဆိုရင် မကြာခဏ ပိုမိုပြင်းထန်တဲ့ မိုးခေါင်ခြင်း၊ အပူလှိုင်းတွေနဲ့ မိုးရွာသွန်းမှုတွေ အပါအဝင် ပိုမိုပြင်းထန်တဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သက်ရောက်မှုတွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ညွှန်ပြထားပါတယ်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနဲ့ သူ့ရဲ့ဆိုးကျိုးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကမ္ဘာ့ခေါင်းဆောင်တွေဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှာ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုညီလာခံ (COP21) ကို ပါရီမှာ ကျင်းပခဲ့ပြီး သမိုင်းဝင် ပါရီသဘောတူညီချက်ကို ချမှတ်နိုင်ခဲ့ပါတယ်။

ဒီသဘောတူညီချက်မှာ နိုင်ငံအားလုံးကို လမ်းညွှန်ဖို့နဲ့ ရေရှည်ရည်မှန်းချက်တွေကို အောက်ပါအတိုင်း ချမှတ်ထားပါတယ်။

သဘောတူညီချက်တွေကတော့

  • ဒီရာစုနှစ်အတွင်းမှာ ကမ္ဘာကြီးရဲ့အပူချိန် တိုးလာတာကို ၁ ဒသမ ၅ ဒီဂရီအထိ ကန့်သတ်ဖို့ ကြိုးပမ်းမှုအတွက် ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လုပ်မှု ကိုလည်း သိသိသာသာ စဉ်ဆက်မပြတ်လျှော့ချဖို့၊
  • နိုင်ငံတွေရဲ့ ပါဝင်ဆောင်ရွက်မှုကို  ၅ နှစ်တခါ ပြန်လည်သုံးသပ်ဖို့နဲ့၊
  • ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာစေဖို့၊ ကြံ့ကြံ့ခံနိုင်ရည်အားကောင်းစေဖို့နဲ့ ရာသီဥတုဆိုင်ရာ သက်ရောက်မှုတွေကို လိုက်လျောညီထွေဖြစ်စေမယ့် စွမ်းရည်မြှင့်တင်ဖို့ ဖွံ့ဖြိုးဆဲနိုင်ငံ‌တွေကို ဘဏ္ဍာငွေပံ့ပိုးပေးမှုတွေလည်း ပါဝင်ပါတယ်။

အဆိုပါ သဘောတူညီချက်ဟာ တရားဝင်ချုပ်ဆိုထားတဲ့ နိုင်ငံတကာစာချုပ်ဖြစ်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၄ ရက်မှာ စတင်အသက်ဝင်ကာ အဖွဲ့အစည်းပေါင်း ၁၉၄ ခု (နိုင်ငံပေါင်း ၁၉၃ နိုင်ငံနဲ့ ဥရောပသမဂ္ဂ) တို့ဟာ ပါရီသဘောတူညီချက် Paris Agreement မှာ ပါဝင်ခဲ့ပါတယ်။

ပါရီသဘောတူညီချက်ရဲ့ လက်တွေ့ကျတဲ့ အကောင်အထည်ဖော်မယ့် အသေးစိတ် အချက်အလက်တွေကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ပိုလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ (COP24) မှာ Paris Rulebook ဆိုပြီး  သဘောတူခဲ့ကြကာ ၂၀၂၁ ခုနှစ် နိုဝင်ဘာမှာ စကော့တလန်၊ ဂလက်စဂိုးမှာ ကျင်းပတဲ့ COP26 မှာ အပြီးသတ်ခဲ့ပါတယ်။

ပါရီသဘောတူညီချက်ဟာ လာမယ့် ဆယ်စုနှစ်တွေမှာ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုကို လမ်းညွှန်ပေးနိုင်တဲ့ တာရှည်ခံမူဘောင်တရပ်ကို ပံ့ပိုးပေးထားပြီး ဒီသဘောတူညီချက်ဟာ net-zero emissions ကာဗွန်ထုတ်လွှတ်မှုမရှိတဲ့ ကမ္ဘာဆီကို ကူးပြောင်းခြင်းရဲ့ အစလည်းဖြစ်ပါတယ်။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေ အောင်မြင်ဖို့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့လည်း အရေးကြီးပါတယ်။

ပါရီသဘောတူညီချက်ဟာ ၅ နှစ်တာအတွင်း နိုင်ငံတွေက ရာသီဥတုနဲ့သက်ဆိုင်တဲ့ ရည်မှန်းချက်တွေ တိုးတက်အောင် လုပ်ဆောင်နေမှုတွေကို အကဲဖြတ်တာတွေ လုပ်ဆောင်ပြီး ၅ နှစ်တိုင်းမှာ နိုင်ငံတခုချင်းစီဟာ Nationally Determined Contributions or NDC လို့ သိကြတဲ့ နိုင်ငံလုံးဆိုင်ရာ ရာသီဥတုလုပ်ဆောင်ချက် အစီရင်ခံစာကို တင်သွင်းရပါတယ်။

၂၀၂၃ ခုနှစ်မှာတော့ ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းကို ပြုလုပ်မှာဖြစ်ပြီး ပါရီသဘောတူညီချက်ရဲ့ ရည်မှန်းချက်ပန်းတိုင်တိုးတက်မှု ရှိမရှိကိုလည်း အကဲဖြတ်မှာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ နိုင်ငံတွေကို ကမ္ဘာ့အပူချိန် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်အောက် လျော့နည်းစေမယ့် ရာသီဥတုဆိုင်ရာ လုပ်ဆောင်ချက်တွေ ပြုလုပ်ဖို့လည်း တွန်းအားဖြစ်စေမှာပါ။

ရေရှည်ရည်မှန်းချက်ကိုပြည့်မီဖို့ ပိုမိုကောင်းမွန်တဲ့ ကြိုးပမ်းအားထုတ်မှုတွေအတွက် မူဘောင်တွေချမှတ်ဖို့၊ ရေရှည် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု နည်းပါးဖို့၊ ဖွံ့ဖြိုးမှုဆိုင်ရာ မဟာဗျူဟာတွေ (Long Term Low Greenhouse Gas Emissions Development Strategies LT - LEDS) ရေးဆွဲတင်ပြဖို့ အဖွဲ့ဝင်နိုင်ငံတွေကို ပါရီသဘောတူချက်က ဖိတ်ခေါ်ထားပါတယ်။

ပါရီသဘောတူညီချက်ဟာ လိုအပ်နေတဲ့ အဖွဲ့ဝင်နိုင်ငံတွေအတွက် ဘဏ္ဍာရေး၊ နည်းပညာနဲ့ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ပံ့ပိုးမှုတွေနဲ့ပတ်သက်ပြီး မူဘောင်တခု ချမှတ်ပေးထားပါတယ်။

ဘဏ္ဍာရေး

ဓာတ်ငွေ့ထုတ်လွှတ်မှုကို သိသိသာသာလျှော့ချဖို့ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်တာကြောင့် ရာသီဥတု လျော့ပါးစေဖို့အတွက် ဘဏ္ဍာငွေလည်း လိုအပ်ပါတယ်။

ပါရီသဘောတူညီချက်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ လိုအပ်တဲ့နိုင်ငံတွေကို ငွေကြေးအကူအညီ‌တွေ ပေးအပ်ဖို့ ဦးဆောင်သင့်တယ်လို့ အကြံပြုထားပြီး အခြား အဖွဲ့ဝင်နိုင်ငံတွေရဲ့ စေတနာအလျောက် လှူဒါန်းမှုတွေကိုလည်း တွန်းအားပေးလျက်ရှိပါတယ်။

ဆိုးရွားတဲ့ အကျိုးသက်ရောက်မှု‌တွေကို လိုက်လျောညီထွေဖြစ်အောင်နဲ့ ပြောင်းလဲနေတဲ့ ရာသီဥတုရဲ့ အကျိုးသက်ရောက်မှုတွေကို လျှော့ချဖို့ အရေးကြီးတဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေ လိုအပ်တာကြောင့် ရာသီဥတုဆိုင်ရာ ဘဏ္ဍာရေးအခြေအနေကလည်း အရေးကြီးပါတယ်။

နည်းပညာ

ပါရီသဘောတူညီချက်ဟာ ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိရေးနဲ့ GHG ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး နှစ်ခုလုံးအတွက် နည်းပညာဖွံ့ဖြိုးတိုးတက်မှုနဲ့ လွှဲပြောင်းမှုတို့ကို အပြည့်အဝ သဘောပေါက်နားလည်လာစေဖို့ မျှော်မှန်းထားကြောင်း ပြောပါတယ်။

ကောင်းမွန်စွာ လုပ်ဆောင်နိုင်တဲ့ နည်းပညာယန္တရားအတွက် အဖွဲ့ဝင်နိုင်ငံတွေမှာ အလွန်အသုံးဝင်တဲ့ လမ်းညွှန်မှုတွေပေးဖို့ နည်းပညာမူဘောင်တခုကို တည်ဆောက်ထားပါတယ်။

စွမ်းဆောင်ရည်တည်ဆောက်ခြင်း

ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်တဲ့ စွမ်းဆောင်ရည်တွေ မရှိကြပါဘူး။ ဒါကြောင့် ပါရီသဘောတူညီချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရာသီဥတုဆိုင်ရာ စွမ်းဆောင်ရည် တည်ဆောက်ရေးကို အလေးပေးထားပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေအားလုံး ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ဆောင်ချက်‌တွေအတွက် ပံ့ပိုးကူညီမှုတွေ တိုးမြှင့်ပေးဖို့ တောင်းဆိုထားပါတယ်။

ပါရီသဘောတူညီချက်ရဲ့ ရည်မှန်းချက်‌တွေ အောင်မြင်ဖို့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ဆောင်ချက်တွေကို တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်နေသေးပေမဲ့ ပါရီသဘောတူညီချက် အသက်ဝင်လာတဲ့ နှစ်တွေကစပြီး ကာဗွန်‌လျော့နည်းစေတဲ့ ဖြေရှင်းနည်းတွေနဲ့ စျေးကွက်အသစ်တွေကို လှုံ့ဆော်ပေးနေပြီ ဖြစ်ပါတယ်။

နိုင်ငံတွေ၊ ဒေသတွေ၊ မြို့တွေနဲ့ ကုမ္ပဏီတွေဟာ ကာဗွန်‌လျော့နည်းရေး ဦးတည်ချက်တွေကို ချမှတ်လာကြကာ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုရဲ့ ၂၅ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့ စီးပွားရေးကဏ္ဍတွေမှာလည်း အပြိုင်အဆိုင် ဖြစ်လာပါတယ်။

ဒီလမ်းကြောင်းဟာ လျှပ်စစ်နဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေမှာ အသိသာဆုံးဖြစ်ပြီး အစောပိုင်းတည်းက အပြောင်းအလဲ ပြုလုပ်သူတွေအတွက် လုပ်ငန်းအခွင့်အလမ်းသစ် များစွာကို ဖန်တီးပေးခဲ့ပါတယ်။

၂၀၃၀ ပြည့်နှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ဓာတ်ငွေ့ထုတ်လွှတ်မှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုနေတဲ့ အခန်းကဏ္ဍတွေမှာ ကာဗွန်ထုတ်လွှတ်မှု သုည ဖြေရှင်းချက်တွေဟာ ယှဉ်ပြိုင်မှုတွေ ဖြစ်လာမှာ အသေအချာပါပဲ။

လီလီ

Ref:UN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013