ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ စက်မှုဇုန် ၁ စက်ရုံမှာ လုံခြုံရေးအစောင့် အမျိုးသား တယောက်ကို သတ်ဖြတ်ပြီး ဝါယာကြိုးနဲ့ ကြေးနန်းကြိုးတွေ ခိုးယူသွားတယ်လို့ မြို့ခံပရဟိတအသင်းထံက သိရပါတယ်။
ဇွန် ၁၄ ရက် မနက်အစောပိုင်းမှာ စစ်တွေလမ်းနဲ့ ထားဝယ်လမ်းထောင့်ရှိ ဝါယာကြိုးထုတ်လုပ်တဲ့စက်ရုံမှာ လုံခြုံရေးအမျိုးသား လည်ပင်းပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးရုပ်အလောင်းကို တွေ့ရှိခဲ့လို့ ဆက်သွယ်ရာက သွားရောက်ကူညီခဲ့တာလို့ ဆိုပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက “၈ နာရီကျော်လောက်က သွားရောက်ကူညီခဲ့တာပါ။ လည်ပင်းမှာ ဝါယာကြိုးနဲ့ပတ်ပြီး ညှစ်သတ်ထားတဲ့ဒဏ်ရာ တွေ့ပါတယ်။ ပြတ်ရှဒဏ်ရာတွေနဲ့ သွေးလွန်ပြီး ဆုံးတာပေါ့။ ဘယ်အချိန်ကတည်းက သေနေလဲတော့ မသိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
တရားခံဖြစ်သူက ခြေထောက်တဖက်ပြတ်နေတဲ့ အသက် ၆၀ ဝန်းကျင်ခန့် လုံခြုံရေးအစောင့် အမျိုးသားကို စက်ရုံအတွင်းရှိ ဝါယာကြိုးတွေနဲ့ လည်ပင်းကိုပတ်ပြီး သတ်ဖြတ်ခဲ့တာလို့ ပြောပါတယ်။
သေဆုံးရုပ်အလောင်းကို ရှင်သန်ခွင့် လူမှုကူညီရေးအသင်းက စံပြဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။