
စစ်ကိုင်းတိုင်း၊ ကသာမြို့အထက်မြစ်ကြောင်းတလျှောက်က ရွာတွေကို အာဏာရှင်စစ်တပ်က ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ထောင်ချီပြီး တိမ်းရှောင်နေကြရတယ်လို့ စစ်ရေး သတင်းအရင်းအမြစ်ဆီက သိရပါတယ်။
ကသာမြို့ကနေ ဧရာ၀တီမြစ်ကြောင်းအတိုင်း ဇွန် ၂၆ ရက်ကစလို့ ဆန်တက်လာတဲ့ အာဏာရှင် စစ်တပ်ရဲ့ စစ်သင်္ဘောအုပ်စုတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာကြောင့် စစ်တပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လာတာလို့ ဆိုပါတယ်။
ကချင်စစ်ရေးသတင်းရင်းမြစ်တယောက်က “ကသာမြို့အထက် မြစ်ကြောင်းဘေးက ရွာတွေကို လေယာဥ်နဲ့ ကြဲနေတာ။ ဇူလိုင် ၁ ညနေကရော အခုမနက်ရောပဲ။ အခုမနက်မှာ ကသာမြို့အထက် ကပ္ပလိပ်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးတလုံး ကြဲချသွားတယ်။ မနေ့ကတော့ Y12 နဲ့ မြစ်ကြောင်းဘေးက ရွာတွေကို ကြဲတယ်။ အရပ်သားတွေ ထိခိုက်တာ၊ နေအိမ် ပျက်စီးတာတွေတော့ မသိရသေးဘူး”လို့ DVB ကို ပြောပါတယ်။
ဇူလိုင် ၂၅ ရက်က ကသာမြို့နယ်မှည ညအိပ်တဲ့ စစ်သင်္ဘော ၂ စင်းဟာ ဇူလိုင် ၂၆ ရက်မှာ ဗန်းမော်ဘက် ဆန်တက်လာတာဖြစ်ပြီး ကသာမြို့နယ်၊ မိုးတားလေးကျေး ရွာအနီးတဝိုက်အရောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တွေက ကြားဖြတ် တိုက်ခိုက်ခဲ့လို့ အဲဒီနေ့မှာပဲ လေယာဉ် ၄ စင်းနဲ့ လာရောက်ပစ်ခတ်ခဲ့ပါတယ်။
အာဏာရှင်စစ်တပ်ဟာ မဘိမ်းကနေ ရွှေကူ၊ ရွှေကူကတဆင့် ဗန်းမော်ကို စစ်အင်အားဖြည့်တင်းဖို့ ရည်ရွယ်နေသလို ကသာဘက်ကနေလည်း ရေလမ်းကြောင်းအတိုင်း စစ်အင်အားတွေ ဖြည့်တင်းဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကသာမြို့နဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့အစပ်က စကားကုန်း၊ ညောင်ကုန်း၊ ညောင်ပင်ကွေ့လမ်းဆုံ နေရာတွေမှာ ဇွန် ၃၀ ရက်စပြီး တိုက်ပွဲတွေ ဖြစ်နေသလို ရွှေကူမြို့နယ်၊ အထက်လေးလမ်းဆုံ၊ ပန်းတင်လမ်းခွဲ၊ ငါးပတ်ဝ၊ တော်လှန်ရွာ၊ ကိုင်းရွာတွေမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။











