DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းသင့် ရခိုင်ပြည်သူများအတွက် ကူညီပေးခွင့်ပြုရန် ကုလ တောင်းဆို
DVB
·
June 14, 2023
မိုခါမုန်တိုင်းသင့် ရခိုင်ပြည်သူများအတွက် ကူညီပေးခွင့်ပြုရန် ကုလ တောင်းဆို
Donate to DVB

မိုခါ မုန်တိုင်းသင့် ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီပေးခွင့် ဆိုင်းငံ့ထားတဲ့ ကိစ္စကို ပြန်သုံးသပ်ပြီး ပြန်လည်ခွင့်ပြုပေးဖို့  အာဏာသိမ်းစစ်ကောင်စီကို ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ မေလ ၁၄ ရက်က အင်အားအလွန်ပြင်းတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဝင်တိုက်ခဲ့ပြီး တလအကြာ စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေတဲ့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေကို  သွားလာခွင့်ကို ဆိုင်းငံ့လိုက်တဲ့ပေါ်  ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ဇွန် ၁၂ ရက်မှာ ထုတ်ပြန်တိုက်တွန်းလိုက်တာပါ။

ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး (ယာယီ) မစ္စတာ ရာမနသန် ဘလာခရစ်ရှ်နန်က "နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ဒီဆုံးဖြတ်ချက်ကို အရေးတကြီး ပြန်လည် သုံးသပ်ပြီး၊ အကူအညီတွေ ဖြန့်ဝေပေးမှုတွေအတွက် ခွင့်ပြုထားတဲ့ ကနဦး ခွင့်ပြုချက်ကို ပြန်လည်ပြဋ္ဌာန်းပေးဖို့  လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့တွေကိုယ်စား ကျွန်တော်တိုက်တွန်းပါတယ်။ ဒါမှသာ အဆင်သင့်ပြင်ဆင်ထားရှိပြီး အကူအညီတွေကို အလွန်အမင်း လိုအပ်နေပြီး စောင့်ဆိုင်းနေရတဲ့ပြည်သူတွေဆီကို ရောက်ရှိအောင် ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်”လို့ ထုတ်ပြန်ချက်မှာပြောပါတယ်။

အကူအညီတွေ သွားလာခွင့်ကို ဆိုင်းငံ့လိုက်လို့ ရခိုင်ပြည်နယ်က မုန်တိုင်းသင့်ပြည်သူတွေထံ လူမှုကယ်ဆယ်ရေး အကူအညီဖြန့်ဝေပေးမှု အလွန်ထိခိုက် နေတယ်လို့လည်းဆိုပါတယ်။

“ဘေးအန္တရယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတွေ ဆောင်ရွက်ခဲ့တာ သီတင်း လေးပတ်ထဲ ဝင်လာပြီ ဖြစ်သလို မုတ်သုံရာသီ ဝင်ရောက်လာတဲ့ အချိန်မှာ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးဖို့ သွားလာခွင့် ပိတ်ပင်ခံရတာကို နားမလည်နိုင်အောင် ဖြစ်ရတယ်”လို့ ဘလာခရစ်ရှ်နန် ကပြောပါတယ်။

စစ်ကောင်စီရဲ့ တားမြစ်ချက်ကြောင့် ခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေဟာ လာမယ့် သီတင်းပတ်တွေ၊ လတွေအတွင်း လူပေါင်း ၁ သန်းကျော်အတွက် လူမှုဘဝ ကယ်ဆယ်ရေး အကူအညီတွေ ပို့ပေးနိုင်ဖို့ စီစဉ်ထားတာတွေကို ကြီးမားတဲ့ အဟန့်အတားဖြစ်စေသလို မုန်တိုင်းသင့်ပြည်သူတွေဟာ အကူအညီတွေ အလိုအပ်ဆုံးအချိန်မှာမှ အစားအစာ သောက်သုံးရေနဲ့ အမိုးအကာ ဖြန့်ဖြူးပေးနေတာတွေကို ရပ်တန့်ခဲ့ရတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအနေနဲ့ မုန်တိုင်းဖြစ်ပြီးနောက် အကန့်အသတ်နဲ့ရထားတဲ့ သွားလာခွင့်ကနေ မုန်တိုင်းဘေးသင့် ဒေသရှိ လူဦးရေ ၁၁၀, ၁၀၀ ကျော်ဟာ အမိုးအကာတွေနဲ့ တခြား ကယ်ဆယ်ရေးပစ္စည်းတွေ ပေးအပ်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ် တခုတည်းမှာပဲ လူပေါင်း ၃ သိန်းနီးပါးထံ စားနပ်ရိက္ခာအကူအညီတွေ ထောက်ပံ့ပေးပြီးဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်တွေမှာ ရှိတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် လူဦးရေ ၁ ဒသမ ၆ သန်းကျော်ကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအတွက် မိတ်ဖက်အစည်းတွေဟာ မေလ ၂၃ ရက်မှာ အရေးပေါ် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၃၃ သန်းတောင်းခံထားရာမှာ ဒေါ်လာ ၁ သန်း ၃ သိန်းသာရရှိထားတယ်လို့ လည်း ကုလသမဂ္ဂထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013