DVB Logo
Home
Lead Story
သဘာဝကပ်ဘေးနဲ့ စစ်အာဏာရှင်တို့ နေဝင်ချိန်
DVB
·
June 14, 2023
သဘာဝကပ်ဘေးနဲ့ စစ်အာဏာရှင်တို့ နေဝင်ချိန်
Donate to DVB

မေလ ၁၄ ရက်နေ့မှာ မိုခါဆိုင်ကလုန်းမုန်တိုင်း မြန်မာပြည်ထဲ ဝင်ရောက်ခဲ့တယ်။ ‌ရခိုင် အပါအဝင် ဒေသအတော်များများ မုန်တိုင်းဒဏ် အလူးအလဲ ခံလိုက်ရတယ်။

မေလ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံ သံဃနာယက နဝမမြောက် ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီး ဦးကုမာရဘိဝံသ ပျံလွန်တော်မူတယ်။

ဇွန်လ ၇ ရက်နေ့မှာ အင်အား ၄ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင်တခု မြန်မာနိုင်ငံထဲမှာ လှုပ်ခတ်ပြီး သာသနိက အဆောက်အဦတွေ၊ စေတီပုထိုးတွေ ထိခိုက်ပျက်စီးခဲ့ပြီး လူသေဆုံးတဲ့အထိ ငလျင်လှုပ်ခတ်ခဲ့တယ်။

ဇွန်လ ၈ ရက်နေ့မှာတော့ သမိုင်းဝင် ပုဂံဗူးဘုရား မိုးကြိုးခခဲ့တယ်။

သူယုတ်မာအုပ်ချုပ် မင်းလုပ်မှာကို ပြည်သူတွေ မလိုလားသလို လောကပါလတရားကလည်း မလိုလားတာကြောင့် သဘာဝဘေးတွေ အမျိုးမျိုးသင့်နေပါပြီ။ ပြည်သူတွေမှာ မိစ္ဆာဒိဋ္ဌိ လူယုတ်မာစစ်အုပ်စုရဲ့ ညှဉ်းပန်းနှိပ်စက်မှုခံရ၊ သဘာဝဘေးအန္တရာယ်တွေခံရနဲ့ မြန်မာနိုင်ငံသားတွေရဲ့ဘဝ နေရတာထက် သေရတာကမှ ပိုကောင်း၏လို့ ဆိုရတော့မှာ ဖြစ်တယ်။

နေလည်းမထူးတော့တဲ့ဘဝမှာ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ စစ်အာဏာရှင်လူယုတ်မာတွေကို တော်လှန်တိုက်ပွဲဝင်ရင်း တိုင်းပြည်အနာဂတ်လှပရေး၊ နောင်လာနောက်သား ကောင်းစားရေးအတွက် အဓိပ္ပာယ်ရှိရှိ တိုက်ပွဲဝင်ရင်း အသေခံမယ်ဆိုတဲ့ ပြည်သူတွေ နေ့စဉ် တိုးပွားများပြားခဲ့တယ်။

ပြည်သူတွေမှာ တပူပေါ် နှစ်ပူဆင့် နေစရာမရှိ စားစရာမရှိဘဝနဲ့ ပြည်သူတွေ ဒုက္ခပင်လယ်ဝေနေချိန် အာဏာရူး ရူးနေလိုက်ကြတာ နိုင်ငံတော်ကြီး ဒီလောက်ပျက်စီးပြီး ကပ်ဘေးအဖုံဖုံ ဆိုက်နေတာတောင် ဟိုလူကြောင့် ဒီလူကြောင့် လက်ညှိုးထိုး အပြစ်ဖို့နေကြတယ်။ အရင်းစစ်ရင် အမြစ်ဆိုတာ မြေကြီးထဲကပါ။ ဘာကြောင့် ဒီလိုတွေ ဖြစ်နေရသလဲ စေ့စေ့တွေးရင် ရေးရေးပေါ်ရုံတင်မဟုတ်ဘူး ဘွင်းဘွင်းကြီးကို ပေါ်ပါတယ်။

မြန်မာနိုင်ငံတော်ကြီး တခြား ပြည်ပနိုင်ငံတွေနဲ့ ယှဉ်ကြည့်လိုက်ရင် အစစအရာရာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေပြီး နိမ့်ကျနေရတာကို မချိတင်ကဲ ခံစားနေရတဲ့ ပြည်သူတွေမှာ သိလျက်နဲ့ အားမတန်လို့ မာန်လျှော့ထားခဲ့ကြတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာတော့ အနှစ်နှစ်အလလက မြိုသိပ်ထားခဲ့တဲ့ မကျေနပ်မှုတွေ၊ အလိုမကျမှုတွေ စုပြုံပေါက်ကွဲထွက်ပေါ်လာခဲ့တော့တယ်။

“စစ်အာဏာရှင် အလိုမရှိ” ဆိုတဲ့ ပြင်းထန်တဲ့ ကြွေးကြော်သံတွေနဲ့ နွေဦးတော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဘယ်လိုဥပဒေ ဘယ်လိုကျင့်ဝတ်နဲ့မှ မညီတဲ့ မတရားအာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုကို အလွှာစုံ လူထုကြီးက စတင်တော်လှန်ချီတက်ခဲ့ကြတယ်။

တော်လှန်ရေးအရှိန်အဟုန်က ဒီရေအလား တရိပ်ရိပ်မြင့်တက်လာတော့ မတရားအာဏာသိမ်း စစ်တပ်က အကြမ်းဖက်ဖြိုခွင်း၊ ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်လာလိုက်တာ ကျောင်းသားပြည်သူ ရဟန်းရှင်လူ ကလေးလူကြီး မကျန်အောင်ပါပဲ။ နွေဦးတော်လှန်ရေးကြီးက ရပ်တန့်မသွားဘဲ ဆက်လက်အားကောင်းလာလိုက်တာ အခုဆို သေနတ်ကြီးကိုင်ပြီး “သေရဲတဲ့ကောင် ထွက်ခဲ့” ဆိုတဲ့သူတွေ မြေကျင်းတူးကာ တွင်းထဲကနေ အရိပ်ရန်သူအထင်နဲ့ ကျီးလန့်စာ စားနေကြရပြီ။ ညောင်ပင်ကြီးတိုက်ပွဲ ရုပ်သံတခုမှာ ကြည့်လိုက်ရတယ်။ မြေကျင်းထဲမှာ ခွေခွေလေးလဲပြီး သေဆုံးနေကြရပြီ။ မြို့ပေါ်တွေလည်း မြေကျင်းတွေတူး၊ သဲအိပ်တွေ အထပ်ထပ်ကာထားပြီး ကားလာ နွားလာရင်တောင် သူတို့ကို လာတိုက်ခိုက်သူအမှတ်နဲ့ ရမ်းသန်းပစ်ခတ်နေကြတဲ့ အခြေအနေ‌ ဖြစ်နေပြီ။

ကာလဝိပါက် နောက်ပိုးတက်တဲ့၊ မနုဿတ္တ ဒုလ္လဘ လူ့ဘဝဆိုတာ ရခဲတယ်လို့ ဘုရားရှင်က ဟောကြားဆုံးမခဲ့တယ်။ အာဏာသိမ်းစစ်တပ်ကတော့ လူတွေရဲ့ အသက်တချောင်းကို ကြက်ကလေး ငှက်ကလေး သတ်သလို ရက်ရက်စက်စက် သတ်ဖြတ်ဖျက်ဆီးခဲ့ကြတယ်။ ဝဋ်ဆိုတာ နောက်ဘဝမကူးဘူး ဒီဘဝမှာတင် လက်ငင်းပြန်ခံစားရပါလိမ့်မယ်။

ဒီနေ့ မြန်မာနိုင်ငံကြီးက အမှောင်မိုက်ဆုံး အချိန်ကာလထဲကို ရောက်နေတာပါ။ အမှောင်လွန်ရင် ရောင်နီဆိုတာ ပေါ်လာရစမြဲပါ။ မကြာခင်မှာ အမှောင်ထဲက လွတ်မြောက်ပြီး ရောင်နီသာတဲ့နေ့ ရောက်ကို ရောက်လာပါလိမ့်မယ်။ အဲ့ဒီအချိန်ဟာ လူ့မိစ္ဆာ လူယုတ်မာတွေရဲ့ နေဝင်ချိန်ပဲဖြစ်ပါတယ်။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013