DVB Logo
Home
Lead Story
ဖက်ဒရယ် အစိုးရကို ဘယ်သူ ဖန်ဆင်းလဲ
DVB
·
June 14, 2023
ဖက်ဒရယ် အစိုးရကို ဘယ်သူ ဖန်ဆင်းလဲ
Donate to DVB

ဖက်ဒရယ် (ပြည်ထောင်စု) အစိုးရသည် ဖန်ဆင်းရှင် မဟုတ်၊ ဖက်ဒရယ်ယူနစ် (ပြည်နယ်အစိုးရ) သည်သာ ဖန်တီးရှင် ဖြစ်သည်ဟူသော သီအိုရီကို စစ်ကိုင်းဖိုရမ်က အလုပ်နဲ့ သက်သေပြခဲ့ဟန် တူပါတယ်။ သီအိုရီကို လက်တွေ့အကောင်အထည်ဖော်တဲ့ သဘောလို့လည်း ကျနော်တို့ ကောက်ချက်ချလို့ ရပါတယ်။

စစ်ကိုင်းတိုင်းတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး ဖော်ဆောင်မယ်လို့ စစ်ကိုင်းဖိုရမ်က ကြေညာခဲ့ပါတယ်။

စစ်ကိုင်းတိုင်းမှာ အတိုင်ပင်ခံကောင်စီဖွဲ့စည်းဖို့နဲ့ အာဏာရှင်စနစ်အားလုံး အပြီးတိုင် ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးတို့ကို ဖော်ဆောင်ဖို့ ရည်မှန်းထားကြောင်း စစ်ကိုင်းဖိုရမ်ကနေ သဘောထားတာ တွေ့ရပါတယ်။

ပထမအကြိမ် စစ်ကိုင်းဖိုရမ်ကို မေ ၃၀ ရက်ကနေ ၃၁ ရက်အထိ နှစ်ရက်ကြာကျင်းပပြီးနောက် ဇွန် ၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။ ဖိုရမ်မှာ စစ်ကိုင်းတိုင်းအတွင်း ၂၈ မြို့နယ်မှာ အခြေစိုက်တဲ့ တော်လှန်ရေးအဖွဲ့ပေါင်း ၁၇၃ ဖွဲ့နဲ့ လေ့လာသူ ၃၁ ဦး တက်ရောက်ကြပြီး စစ်ကိုင်းတိုင်းရဲ့ အနာဂတ်ရေးရာတွေနဲ့ ပတ်သက်လို့ နိုင်ငံရေး၊ စစ်ရေး၊ ဒေသန္တရအုပ်ချုပ်ရေးနဲ့ အထွေထွေကဏ္ဍအဖြစ် သပိတ်၊ စီဒီအမ်၊ သယံဇာတ၊ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး ကိစ္စတွေအပေါ် စုပေါင်းဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

ကေအန်ယူရဲ့ တိုက်တွန်းချက်

စစ်ကိုင်းဖိုရမ်ကို NUG၊ NUCC၊ KNU၊ KNPP၊ CNF၊ DPNS နဲ့ ABSDF အပါအဝင် အဖွဲ့အစည်းပေါင်း ၃၀ လောက်က သဝဏ်လွှာတွေ ပေးပို့ခဲ့ကြရာမှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကတော့ စစ်ကိုင်းတိုင်းအနေနဲ့ ဖက်ဒရယ်ယူနစ်တခုအဖြစ် ပါဝင်နိုင်ဖို့ မျှော်လင့်နေတဲ့အကြောင်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းကို ဦးဆောင်နေသူတွေရဲ့ နိုင်ငံရေးရည်မှန်းချက်ခိုင်မာမှု၊ အမြော်အမြင်ရှိမှု၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ကို ကျင့်သုံးပြီး မတူကွဲပြားမှုတွေကို အင်အားအဖြစ်စုစည်းကာ ဖက်ဒရယ်ယူနစ်တခုအဖြစ် ဖွဲ့စည်းနိုင်ရေးကို ကေအန်ယူက တိုက်တွန်းထားပါတယ်။

ဗမာပြည်နယ် မျှော်လင့်ချက် ရောင်နီလား

ဖက်ဒရယ်စနစ်ကို စဥ်းစားကြတဲ့အခါ လူမျိုးအခြေပြု ဖက်ဒရယ်ဝါဒ (Ethics Base Federalism) နဲ့ နိုင်ငံသားအခြေပြု ဖက်ဒရယ်ဝါဒ (Civic Base Federalism) ဆိုပြီး အလေးထား စဥ်းစားစရာ နှစ်ခုရှိပါတယ်။ ဗမာပြည်နယ်ယူနစ်ကို စတင်ဖွဲ့စည်းမယ်ဆိုပါက လူမျိုးကိုအခြေပြုပြီး ဖွဲ့စည်းမှာလား၊ နိုင်ငံသားကို အခြေပြုပြီး ဖွဲ့စည်းမှာလားဆိုတာ စဥ်းစားအဖြေရှာရမယ့် အရေးကိစ္စပါ။ ပညာရှင်အသီးသီးကတော့ အမျိုးမျိုးပြောကြပြီး အားသာချက်၊ အားနည်းချက်တွေ ကိုယ်စီရှိကြတာ တွေ့ရပါတယ်။ လူမျိုးကို အခြေပြုပြီး စဥ်းစားရင်  အားသာချက်က ဘာလဲဆိုတော့ ကိုယ့်လူမျိုးအမည်နာမနဲ့ဆိုတော့ လူမျိုးရေး အားကောင်းမယ်၊ စည်းရုံးရေးအားကောင်းမယ်၊ ကိုယ့်လူမျိုးအမည် ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းပြီးသားဖြစ်မယ်။ အားနည်းချက်က ဘာဖြစ်မလဲဆိုတော့ တခြားလူမျိုးတွေနဲ့ စည်းလုံးမှုတည်ဆောက်ဖို့ ခက်ခဲမယ်၊ လူမျိုးရေးအစွန်းရောက်တွေ ခေါင်းထောင်လာမယ်။ နိုင်ငံသားကို အခြေပြုပြီး စဥ်စားရင်တော့ အားသာချက်က ကိုယ့်ပြည်နယ်ထဲ ရောက်လာသူ မည်သူမဆို ပြည်နယ်သားစိတ်ဓာတ် ဖြစ်မယ်၊ လူမျိုးပေါင်းစုံနဲ့ မတူကွဲပြားမှုတွေကို လက်ခံတဲ့ ယဥ်ကျေးမှု မြင့်မားလာမယ်၊ လူမျိုးတမျိုးအပေါ်မှာ အခြေမခံတဲ့အတွက် ပြဿနာ ပဋိပက္ခ နည်းမယ်။ အားနည်းချက်ကတော့ သိပ်မရှိပါဘူး။ ကိုယ့်လူမျိုးနာမည်တော့ ပျောက်သွားနိုင်ပါတယ်။

စစ်ကိုင်းတိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးမှာပါဝင်တဲ့ နိုင်ငံရေး၊ တော်လှန်ရေး အဖွဲ့အစည်းတွေအကြား အားလုံးပေါင်းစပ် ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်နိုင်တဲ့ တိုင်းအတိုင်ပင်ခံကောင်စီ (သို့မဟုတ်) အစုအဖွဲ့တခု တည်ဆောက်ပြီး စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်အားလုံး အပြီးတိုင်ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးတို့ကို ဖော်ဆောင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

ဗမာပြည်နယ်ယူနစ် နယ်နိမိတ်ကို ဘယ်လိုသတ်မှတ်မလဲ

နယ်နိမိတ်ချင်း တဆက်တစပ်တည်း ရှိနေတဲ့ တိုင်းဒေသတွေဆိုရင်တော့ ဖွဲ့လို့ရပါတယ်။ ဥပမာ စစ်ကိုင်း၊ မ‌ကွေး၊ မန္တလေး စသဖြင့်ပေါ့။ ဒါပေမဲ့ တိုင်းတခုချင်းစီမှာ ရှိနေတဲ့ ပြည်သူတွေက ပေါင်းချင်သလား၊ မပေါင်းချင်ဘူးလားဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းစဥ်းစားကြဖို့လိုပါမယ်။ တိုင်းတခုချင်းစီကလည်း ဖက်ဒရယ်ယူနစ် တခုချင်းစီ ဖြစ်နေလို့ပါပဲ။

စစ်ကိုင်းဖိုရမ်မှာ တိုင်းအဆင့် အရေးတကြီးလိုအပ်နေတဲ့ နိုင်ငံရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်တွေ အဖြစ် တိုင်းအဆင့် အသွင်ကူးပြောင်းရေးကာလ အစီအမံတွေ ပေါ်ပေါက်ရေး၊ တိုင်းအဆင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် မူဝါဒတွေ ရေးဆွဲရေး၊ တိုင်းအတွင်း အုပ်ချုပ်ရေးနဲ့ စစ်ရေးအဖွဲ့တွေ အကြား အပြန်အလှန် ထိန်းကျောင်းနိုင်ရေးနဲ့ ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေ စုစည်းအားကောင်းနိုင်ရေးတို့ကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နဲ့အညီ လုပ်ဆောင်သွားဖို့ သဘောထားပေး ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လက်နက်နဲ့ရိက္ခာ ထောက်ပို့တဲ့စနစ်၊ ခိုင်မာတဲ့မူဝါဒနဲ့ ကွပ်ကဲနိုင်မှု၊ စစ်ရေးနဲ့နိုင်ငံရေး ခွဲခြားသိမြင်နိုင်မှု၊ လူငယ်တွေ စိတ်ပျက်ပြီး တော်လှန်ရေးလမ်းပေါ်က မထွက်သွားအောင် စည်းရုံးနိုင်မှု၊ ပြန့်ကျဲနေတဲ့ ‌ဒေသခံတွေကို ဗျူဟာကျကျ စည်းရုံးနိုင်ရေး၊ ဒေသတွင်း အမှန်တကယ် တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်တွေကို အသိအမှတ်ပြု တာဝန်ပေးရေး၊ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးကို ခိုင်ခိုင်မာမာ ဆောင်ရွက်နိုင်ရေး ဒီအချက်တွေမှာ စိန်ခေါ်မှုရှိနေဆဲဖြစ်တယ်လို့ စစ်ကိုင်းဖိုရမ်မှာ ဦးဆောင်ပါဝင်သူတဦးက သုံးသပ်သွားပါတယ်။

စိုးဝင်းဆွေရဲ့ ဆွေးနွေးချက်

စစ်ကိုင်းနယ်ခံ နိုင်ငံရေးသမား  စိုးဝင်းဆွေက “အင်တိုက်အားတိုက် ပါဝင်နေတဲ့ တော်လှန် ရဲဘော်လူငယ်တွေက တော်လှန်ရေးမှာ ဆက်လက်ပါဝင်ဖို့ဆိုရင် သူတို့တွေကို ကျနော်တို့တွေက ဘယ်လိုမူဝါဒတွေနဲ့ ဆက်လက်ပြီးတော့ ပါဝင်နိုင်အောင် လုပ်ဆောင်မလဲ ဆိုတာ PDF ၂ နှစ်ပြည့်ကာလမှာ ကိုင်တွယ်ဖြေရှင်းရမယ့် ပြဿနာတခုလို့ မြင်တယ်ဗျာ။ ဖွဲ့စည်းပုံအရတော့ PDF တပ်ရင်းတွေက ဖွဲ့စည်းပုံ အပြည့်နီးပါး ဖြည့်ဆည်းထားတယ်လို့ ကျနော်တို့ နားလည်တယ်ဗျာ”

“ဒီအဖွဲ့အစည်းတွေဟာ  အရေအတွက်ထက် အရည်အချင်းပိုင်းဆိုင်ရာ ပြည့်စုံဖို့လိုမယ်။ NUG၊ MOD အောက်မှာ ရှိနေပြီးသား တပ်ရင်းတပ်ဖွဲ့တွေအပြင် အကြောင်းအမျိုးမျိုးနဲ့ MOD နဲ့ ချိတ်ဆက်ခြင်း မပြုနိုင်သေးတဲ့ တော်လှန်တပ်ဖွဲ့တွေနဲ့ရော ဘယ်လို ဆက်သွယ်ဆက်ဆံမလဲ ဆိုတဲ့ တိကျခိုင်မာတဲ့ မူဝါဒတွေ ရှိဖို့လိုမယ်ထင်တယ်ဗျ။ နောက်ပိုင်းမှာတော့ နိုင်ငံရေးနဲ့ စစ်ရေးကို ခွဲခြားပြီးတော့ မြေပြင်မှာ တကယ်တိုက်နေတဲ့ ခေါင်းဆောင်တွေကိုယ်တိုင် ဒေသအလိုက် တိုင်းအဆင့် ပြည်နယ်အဆင့် စစ်ရေးကိုဦးဆောင်တာမျိုး၊ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးနဲ့ စစ်ဘက်ဆိုင်ရာ ကွပ်ကဲရေးတွေမှာ ဒေသခံ စစ်ရေးခေါင်းဆောင်တွေ ကိုယ်တိုင် ပါဝင်ဆုံးဖြတ်ခွင့် ပြုတာမျိုး၊ ဒါမျိုးတွေ ဆောင်ရွက်ရင်တော့ ရေရှည်အားကောင်းတဲ့ PDF တပ်ရင်းတွေ ဖြစ်လာမယ်လို့ ယူဆပါတယ်ဗျ” လို့ ပြောပါတယ်။

နိုင်ငံရေးအရ တိုင်းရင်းသားတန်းတူညီမျှ အခွင့်အရေးရရှိဖို့ဆိုတာ တိုင်းတွေကို ယူနစ်တခုတည်းထားပြီး ဗမာပြည်နယ် သတ်မှတ်လိုက်ရုံနဲ့တော့ ဖြစ်မလာပါ။ အဓိက အနှစ်သာရက ဘယ်တိုင်း ဘယ်ပြည်နယ်ဖြစ်စေ ဖက်ဒရယ် ဝိသေသလက္ခဏာရပ်တွေ ဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်နဲ့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ရှိရေးပါပဲ။ ဒါကြောင့်မို့ ဖက်ဒရယ် ပြည်ထောင်စုမြန်မာနိုင်ငံတော် အသစ်တဖန် ဖြစ်တည်လာဖို့ဆိုရင် ဗမာအပါအဝင် တခြား တိုင်းရင်းသားပြည်နယ်အားလုံးက ဖက်ဒရယ်ယူနစ်တွေ အားကောင်းစွာ ပေါ်ထွက်လာပြီး ပြည်ထောင်စုကို တန်းတူရည်တူ ဖန်တီးပုံဖော် ထုဆစ်နိုင်မှာ ဖြစ်ပါတယ်။

စစ်ကိုင်းဖိုရမ်မှသည် ဗမာပြည်နယ်ယူနစ် ပေါ်ပေါက်ဖို့အတွက် လမ်းစဖြစ်နိုင်ပါစေလို့ ဆန္ဒပြုလျက်...။

အရေးတော်ပုံ မုချအောင်ရမည်

ကိုယ့်ကံကြမ္မာ ကိုယ်တိုင်ဖန်တီးနိုင်ရမည်

ချစ်မင်းနွဲ့ကြည် ရေးသည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013