DVB Logo
Home
မြန်မာသတင်း
ရွှေဈေး ကျပ် ၃၁ သိန်းကျော်ထိ မြင့်တက်
DVB
·
June 13, 2023
ရွှေဈေး ကျပ် ၃၁ သိန်းကျော်ထိ မြင့်တက်
Donate to DVB

ပြည်တွင်းရွှေစျေးနှုန်း မြင့်တက်နေလို့ စစ်ကောင်စီက ရွှေဆိုင်တွေနဲ့ ရွှေသန့်စင်လုပ်ငန်းတွေကို စစ်ဆေးအရေးယူတာတွေ လုပ်ဆောင်နေပေမဲ့ ရွှေစျေးက ပြန်ကျဆင်းမသွားဘဲ တကျပ်သားကို ကျပ် ၃၁ သိန်းကျော်ထိ ထပ်မံ စျေးမြင့်တက်လာပါတယ်။

ရန်ကုန်မြို့က ရွှေဆိုင်ပိုင်ရှင်တဦးက “ဒီနေ့မှ စျေးက ထပ်တက်သွားတာပါ။ ကမ္ဘာ့ရွှေစျေး တက်တာလည်းပါမယ်၊ ဒေါ်လာစျေး နည်းနည်းတက်တာလည်း ပါတယ်။ ဒီနှစ်ခုလုံး တက်တဲ့အတွက် ဒီ ၃၁ သိန်းကျော်စျေး ဖြစ်သွားတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီနေ့ ဇွန် ၁၃ ရက်နေ့မှာ အကယ်ဒမီမီးလင်းရွှေ ရည်ညွှန်းစျေးကို ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ငွေကျပ် ၂၃ သိန်းဝန်းကျင် သတ်မှတ်ထားပေမဲ့ အမှန်တကယ် စျေးကွက်မှာ အရောင်းအဝယ်ပြုလုပ်တဲ့ စျေးက ကျပ် ၃၁ သိန်းကျော်ထိ ရောက်ရှိနေပြီး အမေရိကန်ဒေါ်လာ ငွေလဲနှုန်းကလည်း မြန်မာငွေ ၂,၉၇၀ ကျပ် ဝန်းကျင်ထိ မြင့်တက်နေပါတယ်။

ရွှေစျေးတည်ငြိမ်အောင် ထိန်းချုပ်ဖို့ ရန်ကုန်နဲ့ မန္တလေးက ရွှေဆိုင်နဲ့ ရွှေလုပ်ငန်းရှင်တွေကို စစ်ကောင်စီက ခေါ်ယူ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေတာကြောင့် အဖမ်းအဆီးကို ကြောက်ပြီး ပြည်တွင်းရွှေ အရောင်းအဝယ်စျေးကွက် ရပ်သလောက်ဖြစ်နေတယ်လို့လည်း ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

“အရောင်းအဝယ်တွေကတော့ ထုံးစံအတိုင်း မှောင်ခိုသဘောမျိုးပဲ နည်းနည်းပါးပါးပဲ ဖြစ်နေတယ်။ တရားဝင်ပုံစံမျိုးကတော့ ပြန်မဖြစ်တာ ကြာပါပြီ။ လနဲ့ချီနေပြီ။ အဖမ်းအဆီးတွေ ဖြစ်မှာလည်း ကြောက်တယ်။ သူတို့တွေက သိန်း ၃၀ ကျော်ရင် ဖမ်းမယ် ဘာညာလည်း ပြောထားဖူးတော့ သိပ်မလုပ်ရဲကြဘူး။ ခိုးကြောင်ခိုးဝှက် နည်းနည်းပါးပါးပဲ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကလည်း ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်း ကြပ်မတ်ရေးလုပ်ငန်းကော်မတီရဲ့ ဦးဆောင်မှုနဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ အဖွဲ့က မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းက ရွှေဆိုင်တွေနဲ့ ရွှေသန့်စင်လုပ်ငန်းတွေကို သွားရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို စစ်ဆေးခဲ့ရာမှာ ရွှေဆိုင်နဲ့ ရွှေသန့်စင်လုပ်ငန်းတချို့က ပြည်ပနဲ့ တရားမဝင် ရွှေတင်သွင်း တင်ပို့တဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အထောက်အထားတွေကို စစ်ဆေးတွေ့ရှိရတယ်လို့ ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်းရေးလုပ်ငန်း ဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တရားမဝင် ငွေလွှဲလုပ်ငန်း ဆောင်ရွက်ကြောင်း အထောက်အထားတွေနဲ့ တရားမဝင် နိုင်ငံခြားငွေလဲလှယ်ခြင်း ဆောင်ရွက်ကြောင်း အထောက်အထားတွေကိုလည်း စစ်ဆေးတွေ့ရှိခဲ့လို့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်းလုပ်ငန်းတွေနဲ့ ဆက်စပ်နေခြင်း ရှိ မရှိ စိစစ်နေတယ်လို့ ဆိုထားပြီး တရားမဝင် ရွှေဈေးကစားကာ မဟုတ်မမှန်နည်းလမ်းနဲ့ အကျိုးအမြတ်ရယူဖို့ ဆောင်ရွက်တာ၊ တရားမဝင် ငွေလွှဲလုပ်ငန်း ဆောင်ရွက်တာတွေအတွက် ဆက်လက်ရှာဖွေ ဖော်ထုတ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနဲ့ ဆက်စပ်ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့အညီ အရေးယူသွားမယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွှေဈေးတည်ငြိမ်စေဖို့အတွက် မန္တလေးရွှေဈေးကွက်မှာ ပြီးခဲ့တဲ့ မေလနှောင်းပိုင်းက အရောင်းအဝယ် ပိတ်ထားခဲ့ပေမဲ့ ရွှေစျေးက ကျသွားခြင်း မရှိခဲ့ပါဘူး။

ရွှေလုပ်ငန်းရှင်တဦးက “သူတို့တွေကတော့ ရန်ကုန်မှာလည်း ပြီးခဲ့တဲ့တလလောက်က ခေါ်စစ်တာတွေ ဘာတွေ တော်တော်လုပ်လိုက်တယ်။ အဲတော့ အတုံးအရောင်းအဝယ်တွေ ကတော့ တော်တော်လေး နည်းသွားပါတယ်။ မရှိသလောက် ဖြစ်သွားပါတယ်။ အဲဒါကလည်း သူတို့ထိန်းလိုက်တာပေါ့။ ဒါပေမဲ့ ကမ္ဘာ့စျေးတက်တယ်၊ ဒေါ်လာစျေး တက်တယ်ဆိုတော့ ဖြည်းဖြည်းချင်း ပြန်လိုက်တက်လာတာ” လို့ ပြောပါတယ်။

လက်ရှိ ပြင်ပရွှေစျေးကွက်မှာ ရွှေတကျပ်သားကို ၃,၁၂၀,၀၀၀ ကျပ်ထိ ဖြစ်ပေါ်နေပြီး အမြင့်ဆုံးစျေး ရောက်ရှိနေတာကြောင့် အဝယ်လည်း မရှိသလောက် နည်းနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013