တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာက ရှေ့တန်းစခန်းကို ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
ဇွန် ၁၂ ရက် နေ့လယ် ၁၂ နာရီလောက်မှာ သိန္ဓောကျေးရွာ ရှေ့တန်းစခန်းကို လက်နက်နဲ့ ရိက္ခာပို့ပြီး ၅၆၁ တပ်ကို ပြန်ဆင်းလာတဲ့ အင်အား ၃ဝ ကျော်ခန့်ရှိတဲ့ စစ်ကောင်စီတပ်ကို ဘန်ကျူတ်ရွာအနီးမှာ မြိတ်ခရိုင်တပ်ရင်း-၂ နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ၇ ဦး မိုင်းထိမှန်လဲကျသွားခဲ့တာကို တွေ့မြင်ခဲ့တယ်လို့ သိရပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ အပြန်အလှန် ပစ်ခတ်မှု ရှိခဲ့တယ်လို့ သိရပါတယ်။
“မိုင်းထိတာတော့ တအားကြမ်းတယ်။ သူတို့ဘက်က ၇ ယောက် မိုင်းထိပြီး လဲကျသွားတာကို တွေ့တယ်။ ဘယ်နှစ်ဦးသေလဲတော့ အတိအကျ ပြောမနိုင်သေးဘူး။ မိုင်းထိတဲ့သူတွေကို ၅၆၁ တပ်ရင်းထဲကို ထမ်းပြီး ပြေးဝင်သွားကြတယ်။”
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၆ ရက်နေ့ကလည်း ချောင်းညီကိုကျေးရွာက စစ်ကောင်စီစခန်းတခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားညှပ်တိုက်ခိုက်ခဲ့ပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်မှာ အခုရက်ပိုင်း တိုက်ပွဲပြင်းထန်လာတဲ့အတွက် ဒေသခံတွေ အသွားအလာ ဂရုစိုက်ကြဖို့၊ စစ်ကောင်စီတပ်နဲ့ အနီးကပ်သွားလာတာမျိုး မလုပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးဘက်ကနေ သတိပေး မေတ္တာရပ်ခံထားပါတယ်။