
ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေး ကင်းစခန်း ဇွန် ၈ ရက် မနက်အစောပိုင်းမှာ စီးနင်းခံခဲ့ရပြီး တပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးကာ လက်နက်များလည်း အသိမ်းခံလိုက်ရတယ်လို့ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူထံမှ သိရပါတယ်။
နတ်တလင်းမြို့နယ် ကွင်းကျယ်ရွာနဲ့ ယူမကုန်ဘုရားမှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ကျော်က MRF-Nattalin ကင်းစခန်းကို မနက် ၅ နာရီမှာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
သာယာဝတီခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက "အဲဒီမှာ ကင်းစခန်းက ချထားတာ ကြာပြီ။ အဲဒီကောင်တွေ တက်မလာရဲဘူး။ ရဲဘော်တွေ အိပ်ပျော်နေချိန် ဝင်စီးခံလိုက်ရတာ"
ကင်းစခန်း တိုက်ခိုက်ခံရပြီး နတ်တလင်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် MRF-Nattalin မှ ရဲဘော် ဝဿန်၊ရဲဘော် ကင်း၊ရဲဘော် Lion တို့ကျဆုံးခဲ့ပြီး MK12 သေနက် ၁လက်၊ကာဘိုင် သေနက် ၁လက်၊ စက်လက် သေနက် ၁လက်၊ ကာဘိုးလ် သေနက် ၂ လက်လည်း သိမ်းစည်းခံလိုက်ရပြီး ကင်းတဲ ၂ လုံးလည်း မီးရှိုးဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်
စစ်တပ်က ကျဆုံးရဲဘော်တွေရဲ့ ခန္ဓာကိုယ်အောက်ပိုင်းတွေကို မြေကြီးဖုံးအုပ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ကောင်းမွန်စွာ မီးသင်္ဂြိုဟ်ပေးလိုက်ပြီလို့ ပြောပါတယ်။
ကင်းစခန်းတိုက်ခိုက်ခံရပြီး စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေလို့ ရွာခံ ၆၀၀ ကျော် စစ်ရှောင်နေရပြီး တိုက်ပွဲများဖြစ်လာနိုင်တဲ့အတွက် ပဲခူးရိုးမအတွင်း ဖြတ်သန်းသွားလာမှုများ မပြုလုပ်ဖို့ သတင်းထုတ်ပြန်ထားပါတယ်။










