
မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီခရိုင်နယ်စပ်မြို့တွေမှာ ထိုင်းဘက်က လျှပ်စစ်မီးဖြတ်လိုက်ပြီးနောက် မြန်မာဘက်က မီးစက်အဝယ်လိုက်လာလို့ မဲဆောက်မြို့မှာ မီးစက်ကြီးတွေ ရောင်းကောင်းနေတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။
စစ်ကောင်စီရဲ့ ပန်ကြားချက်အရ ဇွန်လ ၅ ရက်ကစပြီး မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် နေရာ နှစ်နေရာကို ထိုင်းဘက်က လျှပ်စစ်မီး မပေးတော့ဘဲ ဖြတ်တောက်လိုက်တာဖြစ်ပါတယ်။
ထိုင်းဘက်က မီးဖြတ်မယ်လို့ သတင်းစထွက်လာတဲ့ မေလပိုင်းကတည်းက မြဝတီမြို့က ပြည်သူတွေဟာ မီးစက်တွေကို ထိုင်းဘက်မှာ ကြိုတင်ဝယ်ယူနေကြလို့ မီးစက်အရောင်းဆိုင်တွေ ရောင်းကောင်းနေတယ်လို့ လျှပ်စစ်ပစ္စည်း ဆိုင်ရှင်တွေက ပြောပါတယ်။
လျှပ်စစ်ဓာတ်အား ဖြတ်လိုက်ချိန်မှာ စက်မှုလက်မှုလုပ်ငန်းရှင်အများစုက မီးစက်တွေ ဝယ်သုံးတာများပြီး လောင်းကစား ကာစီနိုရုံတွေမှာတော့ လျှပ်စီးဓာတ်အားပေး မီးစက်ကြီးတွေ အသုံးပြုကြတာ ဖြစ်တယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နေ ပြည်သူတွေနဲ့ လုပ်ငန်းရှင်တွေအနေနဲ့ လတ်တလောမှာ မီးစက်ဝယ်သုံးပြီး လျှပ်စစ်မီးပြဿနာကို ဖြေရှင်းနေပေမဲ့ ရေရှည်မှာတော့ မီးစက်မှာ အသုံးပြုဖို့ စက်သုံးဆီဖိုးတွေ ပိုမိုကုန်ကျပြီး စီးပွားရေးတွက်ခြေမကိုက်တော့ဘဲ လုပ်ငန်းဆက်လည်ပတ်ဖို့ ထိခိုက်လာနိုင်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ပြောပါတယ်။