DVB Logo
Home
မြန်မာသတင်း
စစ်တွေမြို့နယ်၌  မီးလောင်ပြီး လူနေအိမ်နှင့် ဆိုင်ခန်းများဆုံးရှုံး
DVB
·
June 13, 2023
စစ်တွေမြို့နယ်၌  မီးလောင်ပြီး လူနေအိမ်နှင့် ဆိုင်ခန်းများဆုံးရှုံး
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဒါးပိုင်ကျေးရွာ(ရွာသစ်) ကျေးရွာမှာ ဇွန် ၁၂ ရက် ည ၉ နာရီ မိနစ် ၄၀ လောက်က ဖယောင်းတိုင်မီးကတဆင့် ကူးစက်ပြီး မီးလောင်မှုဖြစ်ပွားကာ နေအိမ်တလုံးနဲ့ ဆိုင်ခန်း ၁၀ ခန်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

ထင်းနဲ့ မီးသွေးတွေရောင်းတဲ့ ဆိုင်ခန်းတခုကနေ ပေါ့ဆမီးကြောင့် စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ဆိုင်ခန်းတွေနဲ့ အိမ်တလုံး မီးလောင်ကျွမ်းသွားတယ်လို့ စစ်တွေမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးကပြောပါတယ်။

“မီးလောင်တာကတော့ ည ၉ နာရီ ၄၀ မိနစ်လောက်မှာ ထင်းတွေ၊ မီးသွေးတွေရောင်းတဲ့ ဆိုင်မှာ ဖယောင်းတိုင်မီး ထွန်းညှိထားတာကနေ ထရံကို မီးကူးစက်ပြီး လောင်ကျွမ်းသွားတာ ဖြစ်တယ်။ အိမ်တအိမ်နဲ့ ဆိုင်ခန်း လောင်ကျွမ်းသွားတယ်။ ည ၁၀ နာရီ ၁၅ မိနစ်မှာ မီးငြှိမ်းနိုင်ခဲ့တယ်။”

မီးလောင်ကျွမ်းသွားတဲ့အိမ်နဲ့ ဆိုင်ခန်းတွေရဲ့ ကာလတန်ဖိုးကို တွက်ချက်နေဆဲဖြစ်တာကြောင့် အတိအကျ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ဆိုင် ၁၀ ခန်းနဲ့ အိမ်တလုံးရဲ့ ကာလတန်ဖိုးမှာ ကျပ်သိန်း ၂,၀၀၀ လောက်ရှိတယ်လို့ ဒါးပိုင်းကျေးရွာ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“မီးလောင်သွားတဲ့ ဆိုင်တွေထဲမှာ အထည်ဆိုင်တွေ၊ စားကုန်ဆိုင်တွေ၊ ထင်းဆိုင်နဲ့ ကွမ်းယာဆိုင်တွေ ပါသွားတယ်။ ဆုံးရှုံးမှုတန်ဖိုးကတော့ ကျပ်သိန်း ၂,၀၀၀ အထက်လောက် ရှိတယ်။ လူထိခိုက်ဒဏ်ရာရရှိမှုတွေတော့ မရှိဘူး။”

မီးလောင်တဲ့နေရာကို ပြည်နယ် မီးသတ်ဦးစီးမှူးနဲ့အတူ တပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး၊ စုစုပေါင်း ၄၀ ဦး၊ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ မီးသတ်ရေသယ်ယာဉ် ၂ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီးတို့နဲ့အတူ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၁၅ မိနစ်မှာ မီးငြှိမ်းနိုင်​ခဲ့တယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးက ထုတ်ပြန်ခဲ့ပါတယ်။

အခုမီးလောင်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်မှုမရှိဘဲ မီးဘေးဒုက္ခသည် စုစုပေါင်း ၅ ဦးဟာ နီးစပ်ရာ ဆွေမျိုးတွေနေအိမ်မှာ ယာယီနေရာနေပြီး မီးငြှိမ်းသတ်ဖို့အတွက် ရေဂါလန် ၅,၆၀၀ အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ မတ် ၃၁ ရက်အထိ မီးလောင်မှု ၃၄ ကြိမ် ဖြစ်ပွားခဲ့ပြီး နေအိမ် ၂၃၀ ကျော်နဲ့ ဆိုင်ခန်းတချို့ ပျက်စီးခဲ့ကာ ရဟန်းတပါး အပါအဝင် လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013