DVB Logo
Home
Lead Story
ခါချဉ်ကောင် မာန်ကြီးသော်လည်း ခါးက မသန်တော့
DVB
·
June 13, 2023
ခါချဉ်ကောင် မာန်ကြီးသော်လည်း ခါးက မသန်တော့
Donate to DVB

မန္တလေး၊ စစ်ကိုင်းတို့နှင့် လက်တကမ်းအကွာတွင်သာရှိသည့် ဆားတောင်မြို့ပေါ်သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ကင်းလှည့်နေပြီ ဆိုသည်ကို ခေတ်သစ်သတင်းဌာနမှ ဓာတ်ပုံနှင့်တကွ ဖော်ပြလာခဲ့သည်။

ထိုသတင်းနှင့်အတူ တဆက်တည်းမှာပင် ဧရာဝတီတိုင်းမ်သတင်းတွင် အာဏာသိမ်း စစ်ဗိုလ်ချုပ်များ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည်အား သွားရောက် တွေ့ဆုံခဲ့သည် ဆိုသော သတင်း ထွက်ပေါ်လာသည်။ ထိုသတင်းအပေါ် ဧရာဝတီတိုင်းမ်သို့ လှမ်း၍ အတည်ပြုချက် တောင်းခံကြည့်ရာ ခိုင်မာသည်ဟု သိရသည်။

ဧရာဝတီနှင့် RFA သတင်းများအရမူ မေလ ၂၇ ရက်နှင့် ဇွန်လ ၄ ရက်နေ့များတွင် ဗိုလ်ချုပ် ရာပြည့်နှင့်အဖွဲ့က နိုင်ငံတော်အတိုင်ပင်ခံအား သွားရောက်‌တွေ့ဆုံခဲ့သည်ဟု နေပြည်တော် အကျဉ်းထောင်နှင့် နီးစပ်သော သတင်းအရင်းအမြစ်များအား ကိုးကား၍ ဖော်ပြလာခဲ့သည်။ ယင်းမှလွဲ၍ အခြားတဖက်မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဟု သိရသည်။

ထိုသတင်းအား အမှန်ဟု ယူဆရမည်ဆိုက megalomania ခေါ် အလွန်အကျွံ စိတ်ကြီးဝင်နေကြသည့် စစ်ဗိုလ်ချုပ်များ AA စကားသုံးရလျှင် လဥ ပျားတုပ်ခံလာရပြီ ဆိုသည်မှာ သိသာနေပြီဖြစ်သည်။

မင်းအောင်လှိုင်နှင့် သူ၏အမျိုးသမီးကတော့ နိုင်မှကိုဖြစ်မည်ဟု ဇွတ်တိုးချင်နေကြသူများ ဖြစ်သည်က သံသယဖြစ်စရာ မရှိသော်လည်း ကျန်လူများအဖို့က ‌နိုင်ငံတော်အတိုင်ပင်ခံနှင့် ရလိုရငြား ဆွေးနွေးကြည့်ချင်ပုံ ရှိသည်။

နောက်တကြောင်းက ၎င်းတို့အဖို့ တိုင်းပြည်ကို ရေရှည်အုပ်ချုပ်သွားနိုင်စွမ်း မရှိတော့သည်ကို သဘောပေါက်လာနေသည့် တရုတ်၏တိုက်တွန်းမှု၊ ဗိုလ်သန်းရွှေ၏ အခါတော်ပေးမှုများကြောင့် လုပ်လာရခြင်းမျိုးက ပို၍ ဖြစ်နိုင်ပေသည်။

မိုင်းလားတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံခဲ့ကြပြီးလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေးအတွက် သွားရောက်ကမ်းလှမ်းသည် ဆိုသော်လည်း ၎င်းတို့ ယခုတိုင် ရွာစဉ်ဆက်တိုက်မီးရှို့နေသည့် လုပ်ရပ်များကို ကျူးလွန်မြဲ ကျူးလွန်နေကြဆဲပင် ဖြစ်သည်။ သွားရောက်တွေ့ဆုံစဉ် ဘာပြောသည် ဆိုသည်ကို ရေရေရာရာ မသိရသေးသော်လည်း နိုင်ငံတော်အတိုင်ပင်ခံက နားသာထောင်နေသည်ဟု သတင်းကဆိုသည်။ ဆက်စပ်တွေးကြည့်၍ ရသည်က သဘာဝရိပ်သာ ဆရာတော်ဟု အမည်ခံထားသော ဘုန်းကြီး ခပ်ပိန်ပိန်တဦးမှ ဦးတင်ဦးအား ထို့နောက်ပိုင်းတွင် သွားရောက်တွေ့ဆုံပြီး နိုင်ငံတော်အတိုင်ပင်ခံအား နိုင်ငံရေးမှထွက်ပြီး မဟတ္တမဂန္ဒီကြီးလို ငြိမ်းချမ်းရေးလုပ်ဖို့ အကြံပေးသွားခဲ့သည်။

ထိုသို့ပြောသည်ကို ကြားရသောလူအပေါင်းက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့သည့် ငါးနှစ် ကာလအတွင်း တိုင်းပြည်သည် မျက်လှည့်ပြသလို တိုးတက်သွားသည်ကို သိသိကြီးနှင့် လက်ရှိ စစ်အုပ်ချုပ်ရေးသမားများ၏ ပရမ်းပတာ အုပ်ချုပ်နေမှုသည်ပင် ဖြစ်သင့်ဖြစ်ထိုက်မှု၊ ငြိမ်းချမ်းရေးကလွဲပြီး တိုင်းပြည်အုပ်ချုပ်ရေးတွင် ပါစရာမလိုဟု ပြောဆိုနေခြင်းကပင် လွန်စွာ ဖောက်ပြန်နေသော အယူအဆပင် ဖြစ်သည်။

၎င်းတို့ ဆက်အုပ်ချုပ်နေသရွေ့ ထိုဆရာတော်အဖို့ မိဘမဲ့ဂေဟာများ တနိုင်ငံလုံးအနှံ့ တိုးချဲ့ ဖွင့်လှစ်သွားနိုင်ဦးမည် ဖြစ်သည်။

ဆင်ခြင်တုံတရားမရှိ၊ အသိပညာမဲ့ခြင်း ignorant၊ အကြောင်းအရာတခုအပေါ် မှားယွင်းစွာ လက်ခံမိခြင်း mistaken တို့ဖြင့် တခုခုကို ကျူးလွန်မိသူသည် ထိုကဲ့သို့မျိုး မဟုတ်ဘဲ မိမိအကျိုးအတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ပြောဆိုလုပ်ကိုင်သူမျိုးသည် ကိုယ်ကျင့်တရား ‌ဖောက်ပြန်ခြင်း perverted သာ ဖြစ်၍ ပို၍ အပြစ်ကြီးပေသည်။ ထိုသို့သော လူမျိုးများကြောင့် တိုင်းပြည် တိုးတက်ကြီးပွားရာ လမ်းမမြင်ဟု အေဒီ ကိုးရာစုနှစ် အာရပ် တွေးခေါ်ပညာရှင် အယ် ဖာရာဘီက ပြောခဲ့ဖူးသည်။

မကြာသေးမီက အိန္ဒိယ နိုင်ငံခြားသတင်းထောက်များအသင်း ဥက္ကဋ္ဌမှ စစ်ကောင်စီ သတင်းစာ၏ ဖိတ်ကြားချက်ဖြင့် နေပြည်တော်သို့ သွားရောက်ခဲ့မှုကြောင့် သတင်းထောက် အများအပြား အသင်းမှ နုတ်ထွက်သွားကြသည်ဟု အိန္ဒိယ သတင်းမီဒီယာများတွင် ပါရှိလာခဲ့သည်။ ဤသည်က ဖောက်ပြန်ရေးသမားများကို မိမိတို့ တတ်နိုင်သည့်ဘက်မှ ကန့်ကွက် ဆန္ဒပြလိုက်ခြင်း ဖြစ်ရုံမက အာဏာသိမ်းအဖွဲ့အပေါ် မည်မျှအထိ ရွံရှာနေကြသည်ကိုလည်း ပြဆိုနေပေသည်။

နာမည်ကြီး ဘုန်းကြီး အတော်များများက စစ်ဗိုလ်ချုပ်များ တန်ခိုးထွားနေချိန်တွင် ၎င်းတို့ ကျောင်းတိုက်များ အဝင်အထွက် လုပ်ရုံမျှဖြင့် ဘယ်ဗိုလ်ချုပ်တွေ ကိုးကွယ်ကြသည်ဆိုသော သတင်းဖြင့်ပင် အရပ်သားများက အထင်တကြီးဖြင့် ကိုးကွယ်ကြမည်ဖြစ်၍ လာဘ်လာဘ ရွှင်မည်ဟု ယူဆထားကြပြီး ဖြစ်သည်။

အကယ်၍ စစ်ဗိုလ်ချုပ်များသည် သူလို ငါလို အရပ်သားဝန်ထမ်း ဖြစ်သွားမည်ဆိုက သူတို့ ကိုးကွယ်နေ၍လည်း နာမည်ကြီးလာစရာအကြောင်း မရှိတော့မည့်အဖြစ်ကို ကောင်းစွာ သိနားလည်ထားကြပြီးလည်း ဖြစ်သည်။

၎င်းတို့ထံ အဝင်အထွက်မလုပ်သော အစိုးရဆိုက သာသနာကွယ်တော့မည်ဟု သတင်းလွှင့်ကြတော့သည်။

ပြည်သူ့အစိုးရ တက်လာလျှင် ထိုကိစ္စကို အရင်ဦးဆုံး ကိုင်တွယ်သွားမှသာ ဖြစ်ပေမည်။

လက်ရှိတွင် မိမိတို့လုပ်ရပ်သည် မည်သည့်အခြေအနေ ဆိုက်သွားနိုင်သည်ကို တစွန်းတစမျှပင် တွေးခေါ် မြော်မြင်နိုင်စွမ်း ကင်းမဲ့ခဲ့မှုကို ဝန်ခံလာနေကြရပြီ ဖြစ်သည်။

စစ်ဗိုလ်ချုပ်များအဖို့ လောလောဆယ်တွင် အိုကေနေသေးသော်လည်း ၎င်းတို့၏ လေကြောင်းမှ တိုက်ခိုက်နေမှုများကို ဟန့်တားနိုင်သည်နှင့် တနေ့တွင် အခြေအနေ မဟန်တော့မည်ကို ရိပ်စားမိနေကြပြီ ဖြစ်သည်။ ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်အား လိုရမယ်ရ ချဉ်းကပ်လာကြခြင်းသာ ဖြစ်သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013