DVB Logo
Home
Lead Story
လှိုင်းလုံးကြားက ဒလ-ရန်ကုန် သမ္ဗန်စက်လှေသမားများ
DVB
·
June 13, 2023
လှိုင်းလုံးကြားက ဒလ-ရန်ကုန် သမ္ဗန်စက်လှေသမားများ
1 / 7
Donate to DVB

ရန်ကုန်၊ ဒလမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နဲ့ ရန်ကုန်မြို့ဘက်ရှိ နန်းသီတာကူးတို့ဆိပ်၊ စဉ့်အိုးတန်းကူးတို့ဆိပ်၊ ဗိုလ်တထောင်ဆိပ်ကမ်းတွေကို သမ္ဗန်ယာဉ်တွေဟာ ရန်ကုန်မြစ်အတွင်း လှိုင်းတွေလေတွေကြားက ခရီးတို ပို့ဆောင်ပေးနေကြဆဲ ဖြစ်ပါတယ်။

၂၀၂၃ ဇွန်လ မိုးရာသီအတွင်း စီးနင်းသူနည်းပါးလာတာနဲ့ လောင်စာဆီမြင့်တက်မှုတွေကြောင့် စက်လှေမောင်းသူတွေထဲမှာ နေထိုင်ရေးနဲ့ စားဝတ်နေရေးပါ အခက်အခဲ ကြုံနေကြသူတချို့လည်း ရှိပါတယ်။

လှေအငှားမောင်းရတဲ့ စက်လှေသမားတွေဟာ အုံနာကြေး ၆,၀၀၀ ကျပ်ပေးရပြီး နေ့တိုင်း နံနက် ၄ နာရီခန့်ကနေ ည‌ ၇ နာရီ ၈ နာရီအထိ ရန်ကုန်မြစ်အတွင်း ခရီးသည် ပို့ဆောင်ပေးနေတာပါ။

နန်းသီတာကူးတို့ဆိပ်ကနေ ဒလဆိပ်ကို သမ္ဗန်နဲ့ ၈ မိနစ်ခန့် ဖြတ်သန်းမောင်းနှင်ရပြီး ခရီးသည်လုံခြုံရေးအတွက် သမ္ဗန်လှေတွေရဲ့ ညာဘက်နံဘေးမှာ အသက်ကယ်အင်္ကျီ ၅ ခုခန့်နဲ့ ဘောကွင်းတွေ ကြိုးတန်းထားတာကို တွေ့ရပါတယ်။

၂၀၂၂ ခုနှစ် လောင်စာဆီဈေးနှုန်း တဟုန်ထိုး မြင့်တက်မှုကြောင့် ကိုဗစ်ကာလမတိုင်မီ ကျပ် ၁၀၀ အထိ ကောက်ခံနေရာမှ အခြေအနေအရ ကျပ် ၃၀၀ အထိ စက်လှေစီးနင်းခ တိုးမြှင့်ကောက်ခံခဲ့ရတယ်။

သမ္ဗန်လှေစီးနင်းသူ အများစုဟာ ရန်ကုန်မြို့မှာ ဝန်ထမ်းအလုပ်နဲ့ ဈေးရောင်းဈေးဝယ် လုပ်ကိုင်ကြသူတွေဖြစ်ပြီး နံနက်အစောပိုင်း ၄ နာရီခန့်မှာ သမ္ဗန်ပုံမှန်စီးနင်းနေကြသူတွေက ရေထွက်ပစ္စည်း ရောင်းချသူတွေ များပါတယ်။

နန်းသီတာဆိပ်ကမ်းနဲ့ ဒလမြို့နယ်ကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက ချယ်ရီ ၁၊ ၂ သင်္ဘော ၂ စီးနဲ့ နံနက် ၅ နာရီခွဲကနေ ည ၇ နာရီအထိ နာရီဝက်ခြား အသွားအပြန် တစီးစီ၊ တနေ့ ၄၈ ခေါက် ပြေးဆွဲ‌ပေးနေပြီး လက်မှတ်ခ ကျပ် ၂၀၀ ပေးရပါတယ်။

ဒလမြို့ကနေ ရန်ကုန်မြို့မှာ အလုပ်လုပ်ကိုင်သူ အများစုက ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ချယ်ရီသင်္ဘောရဲ့ ထွက်ခွာချိန် ကြာမြင့်မှုတွေက အလုပ်ချိန်နောက်ကျမှာကြောင့် စက်တပ်သမ္ဗန်ယာဉ်တွေကို အသုံးပြုပါတယ်။

သမ္ဗန်စီးခရီးသည်တဦးက “သင်္ဘောကြီးက ၅ ခွဲမှထွက်‌တာ၊ ဈေးကြို‌ဈေးရောင်းတွေဆို အဲ့အချိန်စောင့်နေရင် မနက်စောစောဆို မမီဘူး။ သင်္ဘောခက ၂၀၀ ပဲ။ မိုးတအားရွာတာတို့ အလုပ်ပြန်ချိန် ၅ နာရီ ၆ နာရီလောက်ဆို လူများတယ်” လို့ ဆိုပါတယ်။

‌သမ္ဗန်‌လှေတစီးဟာ လူ ၈ ဦးအထိတင်ကာ ပို့ဆောင်ပေးနိုင်တာဖြစ်ပြီး လူကြီးတဦးကို ကျပ် ၃၀၀ ကောက်ခံပေမဲ့ ကလေးတဦးကို ၁၀၀ ကျပ်သာ ယူဆောင်တာတွေ့ရပြီး စက်လှေအပို့တခေါက်ကို လောင်စာဆီဖိုး နှုတ်အပြီး မြန်မာငွေ ကျပ် ၂၀၀ ခန့်သာ ပိုတယ်လို့ စက်လှေမောင်းသူ ဦးမြင့် (အမည်လွှဲ) က ပြောပါတယ်။

“ကိုဗစ်ကာလက ဆီဈေးတအားကျတယ်။  ကန့်သတ်ချက်အတိုင်း ၅ ဦးပဲတင်အုံး၊ တဦးကို ၂၀၀ ကောက်ရင်တောင် သုံးခေါက်ပြေးရင် ဆီတဘူးပဲ သုံးရတယ်။ အခုဟာ ဆီတဘူး နှစ်ထောင်ကျော်ပေးရတယ်။ တခေါက်မှာ ၂၄၀၀ ရရင် ၂၀၀ လောက်ပဲပိုတယ်” လို့ ဆိုပါတယ်။

စက်လှေအတွက် လောင်စာဆီဘူးတဘူး ဝယ်ယူမောင်းနှင်တဲ့အခါ လူတင်တဲ့အကြို ၃ ခေါက်နဲ့ ဗလာခေါက် ၃ ခေါက် ရှိတာဖြစ်ပြီး ဗလာ ၃ ခေါက်မှာ ဒလဘက်က ခရီးသည်တွေ လိုက်ပါစီးနင်းတာမျိုး မရှိကြပါဘူး။

ကူးတို့ဆိပ်ဝန်ထမ်းတဦးက “နန်းသီတာဆိပ်ကနေ လူတင်ရင် ဒလဆိပ်အရောက်က အကြိုခေါက်၊ အဲ့ဒါက ရန်ကုန်ဘက်က လူရတယ်။ သတ်မှတ်ထားတဲ့အတိုင်း ၈ ယောက်အထိ ရတယ်၊ ၂၄၀၀ ပေါ့။ ၆ ယောက်နဲ့ထွက်ရင် တယောက် ၄၀၀၊ ခရီးသည်ဘက်က အရေးကြီးရင် ၁ ယောက်တည်းလည်း လိုက်ပို့ပါတယ်။ တခါတလေဆို လူစောင့်လို့မရရင် ဒီအတိုင်း ပေးထွက်လိုက်ရတာတွေ ရှိတယ်” လို့ ဆိုပါတယ်။

မုတ်သုံမိုးရာသီမှာ ရန်ကုန်မြစ်အတွင်း မိုးသည်းထန်တာနဲ့ ရေလှိုင်းတွေကြောင့် ခရီးသည်တချို့က ပြည်တွင်းရေကြောင်း ချယ်ရီသင်္ဘောတွေကိုပဲ အချိန်စောင့် စီးနင်းကြသလို စက်လှေသမားတချို့ဆို အုံနာကြေးမရတဲ့နေ့ပါ ရှိနေကြပါတယ်။

ဒလကူးတို့ဆိပ် စက်လှေသမားက “ရာသီဥတုလေး ကောင်းရင်‌တော့ အဆင်ပြေပါတယ်။ မကောင်းရင် လူက မကျတော့ဘူး။ နေထိုင်စရိတ်နဲ့ မိသားစုပါရှိရင် အခုကာလက အဆင်မပြေဘူး။ မိုးနည်းနည်းကျတာနဲ့ ခရီးသည်တွေက သင်္ဘောပြောင်းစီးကြတယ်။ ပျမ်းမျှဆို တသောင်းလောက်ပဲ ရတဲ့နေ့တွေရှိတယ်။ အုံနာကြေးတွေဘာတွေ ခက်ခဲတာပေါ့။ ဒလတံတားကြီး ပြီးသွားရင် စက်လှေစီးတဲ့သူ ပိုနည်းသွားမယ်လို့ ထင်ပါတယ်” လို့ ပြောပြပါတယ်။

ရန်ကုန် လမ်းမတော်မြို့နယ်ရှိ စဉ့်အိုးတန်းကူးတို့ဆိပ်နဲ့ ဒလမြို့နယ် ကမာကဆစ်ဆိပ်တို့ကို သွယ်တန်းဆောက်လုပ်မယ့် ၇၅ တန် ခံနိုင်ဝန်ရှိ ရန်ကုန်-ဒလ တံတားစီမံကိန်းလည်း ရှိနေပြီး အဲ့ဒီတံတားဟာ အရှည် ၁,၈၆၈ မီတာ၊ အကျယ်မီတာ ၂၆ ဒသမ ၅၊ လေးလမ်းသွား၊ သံမဏိကြိုးဆိုင်းတံတား ဖြစ်တဲ့အပြင် ၂၀၂၃ ဒီဇင်ဘာလမှာ စစ်ကောင်စီ ဆောက်လုပ်ရေးဝန်ကြီးဌာနက အပြီးသတ်နိုင်မယ်လို့ ခန့်မှန်းထားတာ တွေ့ရပါတယ်။

၂၀၂၃ ဇွန်လအထိ ဒလမြို့နယ်နဲ့ ရန်ကုန်ကို ခရီးတိုပြေးဆွဲနေတဲ့ စက်တပ်သမ္ဗန်ယာဉ်တွေဟာ နန်းသီတာ-ဒလ သင်္ဘောဆိပ်မှာ သမ္ဗန် ၅၆ စီးခန့်၊ စဉ့်အိုးတန်း-ကမာကဆစ် ကူးတို့ဆိပ်- ဆိပ်ကြီးခနောင်တိုကူးတို့မှာ အစီးရေ ၈၀ ခန့်နဲ့ ဗိုလ်တထောင်-ဒလ သမ္မတကမ်းခြေ ကူးတို့ဆိပ်မှာ အစီးရေ ၄၂ စီးခန့် ရှိသေးတယ်လို့ သိရပါတယ်။

ဝေယံဦးကြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013