DVB Logo
Home
မြန်မာသတင်း
ကရင်နီစစ်ရှောင်များ နေရပ်ပြန်ပြီး တောင်ယာလုပ်ငန်းခွင်ဝင်
DVB
·
June 12, 2023
ကရင်နီစစ်ရှောင်များ နေရပ်ပြန်ပြီး တောင်ယာလုပ်ငန်းခွင်ဝင်
Donate to DVB

ကရင်နီပြည်နယ်အတွင်း စိုက်ပျိုးရေး တောင်ယာလုပ်ငန်း ပြန်လည်လုပ်ကိုင်တဲ့အချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်မှာကို စိုးရိမ်ကြောက်လန့်နေရတယ်လို့ နေရပ်ပြန် စစ်ရှောင်ပြည်သူတွေက  ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ကရင်နီပြည်နယ်အတွင်း နေထိုင်တဲ့ ပြည်သူတွေဟာ ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်၊ ပင်လောင်းနဲ့ မောက်မယ်မြို့နယ်ထဲကို သွားရောက်စစ်ရှောင်ခဲ့ရပြီး အခုလက်ရှိမှာတော့ စားဝတ်နေရေး ခက်ခဲတဲ့အတွက် နေရပ်ပြန်ပြီး တောင်ယာလုပ်ငန်း ပြန်လုပ်နေကြတာ ဖြစ်ပါတယ်။

လွိုင်ကော်မြို့နယ် နွားလဝိုးကျေးရွာအုပ်စု ပဒါးညေးကျေးရွာမှ စပါးပြန်စိုက်တဲ့ တောင်သူ ဦးမောင်စိန်က “စစ်ရှောင်စခန်းမှာက အလုပ်အကိုင်ရှားတယ်။ အဲ့ဒါကြောင့် အသက်စွန့်ပြီး ရွာပြန် ပြောင်းစိုက်၊ မြေပဲစိုက်ကြတာ။ စိုက်ပျိုးပြီးရင် စစ်ရှောင်စခန်းကို ပြန်လာနေတယ်။ နောက် ပေါင်းသင် မြေဩဇာထည့်တဲ့အချိန်ဆို ပြန်သွားထည့်ပေါ့။ သေနတ်များပစ်မလား၊ လူကိုတွေ့ရင် ဖမ်းသွားမလား အမျိုးမျိုးကြောက်ရတယ်။ ပြန်မစိုက်ရင်လည်း စားဝတ်နေရေးက အဆင်မပြေဘူးလေ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာ လွိုင်ကော်မြို့နယ် ထီးစဲခါးကျေးရွာအုပ်စုက ဒေါတဟေးကျေးရွာမှာ စစ်ရှောင်နေတဲ့ အမျိုးသားတဦးဟာ စားဝတ်နေရေးအတွက် တောင်ယာပြန်စိုက်ရင်း တောင်ယာကအပြန် မိုင်းနင်းမိပြီး ခြေထောက်တဖက် ဆုံးရှုံးခဲ့ရပါတယ်။

လွိုင်ကော်မြို့နယ် ကယန်းကြပ်ခူရွာက မအန်ရေးဇယ်က “ကျမတို့ အရင်နှစ်က စိုက်ထားတဲ့ မြေပဲတွေ၊ စပါးတွေဆို မရောင်းရသေးဘူး။ စစ်ရှောင်နေရလို့ အိမ်မှာကျန်ခဲ့တာ။ လက်နက်ကြီးကျလို့ အိမ်မီးလောင်တဲ့ထဲ အကုန်ပါသွားတယ်။ စစ်ရှောင်စခန်းမှာက စားဖို့မရှိဘူး၊ စိုက်ပျိုးဖို့မြေလည်းမရှိဘူး၊ အဲ့ဒါကြောင့် ဒီမှာပြန်တာ၊ တောင်ယာထဲမှာ မိုင်းတွေများရှိနေမလား ဆိုတဲ့ စိုးရိမ်စိတ်ကလည်း အပြည့်ပဲ။ ပြီးတော့ လမ်းခရီးကလည်း ကိုယ်သွားချင်တဲ့အချိန် သွားလို့လည်းမရဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်အခြေစိုက် ခမရ ၅၃၀ တပ်ရင်းက အနီးအနားမှာရှိတဲ့ ကျေးရွာတွေထဲကို မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လေ့ရှိပြီး တောင်ယာလုပ်ကိုင်ကြတဲ့ ဒေသခံတချို့ ထိခိုက်မိတာလည်း ရှိတယ်လို့ KNDF တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013