DVB Logo
Home
Lead Story
စဆန့် ပြတ်ထွက်မှတ်ကို ရောက်လာတဲ့ စစ်ဓားပြတပ်နဲ့ ရှားမီးခဲတဲ့ ရဲရဲတောက်ပြည်သူတွေ
DVB
·
June 12, 2023
စဆန့် ပြတ်ထွက်မှတ်ကို ရောက်လာတဲ့ စစ်ဓားပြတပ်နဲ့ ရှားမီးခဲတဲ့ ရဲရဲတောက်ပြည်သူတွေ
Donate to DVB

ဆောက်လုပ်ရေးလုပ်ငန်းသုံး သံနန်းလုံးတွေကို အသုံးမပြုခင်မှာ အင်ဂျင်နီယာပညာရပ်တွေ ဖြစ်တဲ့ ရုပ်ဝတ္ထုတွေရဲ့ ဂုဏ်သတ္တိတွေကို လေ့လာတဲ့ (Material Science) နဲ့ စက်မှုအင်ဂျင်နီယာ ဘာသာရပ်တွေမှာ ပါတဲ့ ဆွဲဆန့်ခံနိုင်ရည်အား (Tensile Strength) နဲ့ အရည်အသွေး (Quality) ကို စမ်းသပ်ပြီးမှသာ အသုံးပြုကြရပါတယ်။ ဆွဲဆန့်ခံနိုင်ရည်အား (Tensile Test) စမ်းတဲ့စက်မှာ နမူနာ သံနန်းလုံးကိုထည့်၊ အစနှစ်ဖက်ကို ညှပ်ထားပြီး စက်အားနဲ့ ပြတ်တဲ့အထိ ဆွဲဆန့်ကြည့်တဲ့နည်း ဖြစ်ပါတယ်။ ပြတ်ထွက်သွားတဲ့အခါမှာ ဆွဲဆန့်နိုင်အားကိုပြတဲ့ (Stress - Strain Curve) ဂရပ်ဖ်ကို အင်ဂျင်နီယာကကြည့်ပြီး သတ်မှတ်ထားတဲ့ ဆွဲဆန့်နိုင်အား ပြည့်မီမှသာ အဆောက်အဦ ဆောက်လုပ်ရာမှာ အသုံးပြုခွင့် ချပေးရပါတယ်။

ဒီဆောင်းပါးမှာ အဓိကပြောချင်တာက သံနန်းလုံးတွေကို စမ်းသပ်ပြီး ထွက်လာတဲ့ ဂရပ်ဖ်မှာပါတဲ့ စပြတ်ထွက်မှတ် (Yield Point) အကြောင်း ဖြစ်ပါတယ်။ တကယ်တော့ သံနန်းလုံးတလုံးရဲ့ စပြတ်ထွက်မှတ်ဆိုတာ စက်ထဲထည့် ဆွဲဆန့်ကြည့်ရာမှာ သံနန်းလုံးဟာ ဆွဲဆန့်ခံနိုင်တဲ့အားထက် ကျော်လာခဲ့ရင် မူလပုံပျက်လာပြီး စသိမ်သွားတဲ့အမှတ် ဖြစ်ပါတယ်။ အဲ့ဒီအမှတ်ကိုရောက်ပြီး ဆက်ဆွဲရင် သံနန်းလုံးဟာ သိမ်ရာကနေ ရှည်ထွက် ဆန့်ထွက်လာပြီး ခဏအတွင်း ပြတ်ထွက်သွားတာမို့ အဲ့ဒီအမှတ်ကို စဆန့်ပြတ်ထွက်မှတ် (Yield Point) လို့ ခေါ်ပါတယ်။

သံနန်းလုံးပဲဖြစ်ဖြစ် ဘာအရာဝတ္ထုပဲဖြစ်ဖြစ် လက်နက်ကိုင်အဖွဲ့အစည်းတခုခုပဲဖြစ်ဖြစ် နိုင်ငံရေးပါတီတခုပဲဖြစ်ဖြစ် ဆွဲဆန့်ခံနိုင်တဲ့အား ကိုယ်စီရှိကြပါတယ်။ သူတို့ရဲ့ ခံနိုင်ရည်အားကို ကျော်လွန်လာရင် စဆန့်ပြတ်ထွက်မှတ်ကို ရောက်ပြီး မကြာခင် ပြတ်ထွက်ပျက်သုဉ်းကြရစမြဲပါပဲ။

ဒီကနေ့ မြန်မာနိုင်ငံနဲ့ ပြည်သူလူထုအပေါ် နှစ်ပေါင်း ၇၀ ကျော် ဗိုလ်ကျစိုးမိုးခဲ့တဲ့ စစ်အခွင့်ထူးခံ မိစ္ဆာတပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ Tensile Test စက်ထဲထည့်အဆွဲခံရတဲ့ သံနန်းလုံးပမာ ပြည်ထောင်စုဖွား တိုင်းရင်းသားပေါင်းစုံ၊ မျိုးဆက်ပေါင်းစုံ ပါဝင်တဲ့ ပြည်သူလူထုတရပ်လုံး အားနဲ့ ဝိုင်းဝန်းဆန့်ကျင်ခံရတာ ၂ နှစ်ကျော် အကြာမှာတော့ သူ့ခံနိုင်ရည်အားကို ကျော်လွန်လာပြီး စပြတ်ထွက်မှတ် (Yield Point) ကို ဝင်ရောက်သွားခဲ့ပါပြီ။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ထုတ်ဝေခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးကဏ္ဍ အခြေပြစာတမ်း (State of People’s Defense) မှာ ဖော်ပြထားတဲ့ မှတ်တမ်းအချက်အလက်တွေအရ အာဏာလုဓားပြတပ်ဟာ ၂ နှစ်နဲ့ ၄ လအတွင်းမှာ တနိုင်ငံလုံးက တော်လှန်ရေးတပ်ဖွဲ့ဝင်အားလုံး ဝိုင်းဝန်းချေမှုန်းကြတာမို့ စစ်အင်အား ၃၀,၀၀၀ နီးပါး သေဆုံးခဲ့ရပြီး ၁၁,၂၃၀ ဦးကို ထိခိုက်ဒဏ်ရာ ရစေခဲ့ပါတယ်။ အဲ့ဒါအပြင် စစ်အာဏာလုမှုကို လက်မခံဘဲ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့ ပြည်သူ့တပ်မတော်သား၊ ပြည်သူ့ရဲသား ဦးရေ ၁၃,၀၀၀ ရှိပြီလို့ ဆိုပါတယ်။

စစ်တပ် မူလဖွဲ့စည်းပုံအရ တပ်ရင်းတရင်းမှာ အရာရှိအဆင့် ၃၁ ဦး၊ အခြားအဆင့် ၈၂၆ ဦးနဲ့ စုစုပေါင်း တပ်ဖွဲ့ဝင်အင်အား ၈၅၇ ဦး ရှိရမှာဖြစ်ပေမဲ့ သမ္မတရူး မင်းအောင်လှိုင် ကာချုပ်ဖြစ်လာတဲ့ နောက်ပိုင်း တပ်ရင်းတရင်း အင်အားဟာ ၂၀၀ မပြည့်နိုင်တော့တဲ့အထိ ချည့်နဲ့လာရာက အခုဆို တပ်ရင်းတရင်းမှာ အင်အား ၈၀ တောင် မပြည့်နိုင်တော့‌အောင် အခြေအနေ ဆိုးရွားလာခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ ပြည်သူအလိုမတူဘဲ အာဏာလုယက်တာကို လက်မခံဘဲ လက်နက်မပါ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူလူထုခေါင်းကို ချိန်ရွယ်သတ်ဖြတ်ခဲ့ရာက မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်အရ မလွှဲမရှောင်သာဘဲ လူငယ်လူရွယ်အများစု ပါဝင်တဲ့ ပြည်သူတွေက ဓား၊ ဂျင်ကလိ၊ ဒူးလေး၊ လက်လုပ်သေနတ်၊ တူမီးတွေနဲ့ ရရာလက်နက်ကို ဆွဲကိုင်တော်လှန်ခဲ့ကြရာက စစ်မှန်တဲ့ တိုင်းရင်းတော်လှန်‌ရေး လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KIA, KNU အကူအညီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ၂၀၂၁ ခုနှစ် မေလ ၅ ရက်မှာ စတင်ဖွဲ့စည်းနိုင်ခဲ့သလို ဒေသကာကွယ်တပ်ဖွဲ့ (LDF) အမြောက်အမြား ပေါ်ထွန်းလာခဲ့ပြီး အားကောင်းမောင်းသန်နဲ့ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲလာခဲ့ကြပါတယ်။

အခုဆို ဖက်ဆစ်စစ်တပ်ကို အပြီးဖျက်သိမ်းမယ့် ပြည်သူခုခံစစ် ၂ နှစ်တာအတွင်း အာဏာရှင် ခါးပိုက်ဆောင်တပ်ဟာ သမိုင်းမှာ မကြုံဘူးခဲ့ရတဲ့ စစ်အင်အားအကျအဆုံး အထိအခိုက် အလွန်ကြီးမားတဲ့အပြင် မိစ္ဆာစစ်တပ်ရဲ့ စိတ်အင်အားဟာလည်း ပြည်သူလူထုရဲ့ စွန့်ပစ်ကျောခိုင်းခံရတာမို့ စိတ်ဓာတ်အင်အားဟာလည်း ကြောက်ခမန်းလိလိ ယိမ်းယိုင်ကျဆင်းလာတာမို့ ခံနိုင်ရည်အားထက် ကျော်လွန်လာရပြီး ပုံပျက်ပန်းပျက်ဖြစ်လို့ စဆန့်ပြတ်ထွက်မှတ် (Yield Point) ကို ဝင်ရောက်လာတာမို့ သိပ်မကြာခင်ကာလတခုမှာ ထောင်းခနဲ ပြတ်ထွက်ပြီး အပြီးတိုင် ပြိုကျပျက်သုဉ်းရမှာ ဖြစ်ပါတယ်။

အခြားတဖက်မှာ တော်လှန်ပြည်သူတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချီးမွမ်းခဲ့တဲ့စကား “စိတ်ခိုင်တယ်နော်.. ကောက်ရိုးမီးလောင်တဲ့လူမျိုး မဟုတ်ဘူးနော်.. ဒီလိုဆိုရင် ကျမကျေနပ်ပြီ။” လိုပဲ တနေ့တခြား စိတ်ဓာတ်တွေ မာကျောကြံ့ခိုင် ပြင်းထန်လာနေတာဟာ ရှားမီးခဲများပမာ ရဲရဲတောက်နေတာကို တွေ့မြင်နေကြရပါတယ်။ ရှားသားမီးဆိုတာက မီးရှိန် အလွန်ကောင်းတာမို့ မီးပြင်းတိုက်ဖို့ လိုအပ်တဲ့အခါမှာ ရှားသားကို အသုံးပြုလေ့ ရှိကြပါတယ်။ ရှားသားမီးသွေးဟာ ပထမတန်းစားမီးသွေး‌မှာ ပါဝင်ပါတယ်။

ဒါကို သက်သေပြနေတာကတော့ စစ်အာဏာလုတာ ရက်ပေါင်း ၈၅၀ ကျော်လာပေမဲ့ တရက်မှ မပျက်ကွက်ရဘဲ နယ်မြေမငြိမ်သက်မှုကြားထဲကနေ အကြမ်းဖက်စစ်တပ် ကျရှုံးရေး၊ စစ်အာဏာရှင် ဆန့်ကျင်‌ရေး ချီတက်ဆန္ဒပြပွဲတွေကို ပြုလုပ်နေကြတဲ့ ရွှေနွယ်သွေး၊ ရွှေရေကြည်၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မုံရွာ၊ တန့်ဆည်၊ လက်ပံတောင်းတောင်ဒေသ၊ ထားဝယ် အစရှိတဲ့ မြန်မာနိုင်ငံအရပ်ရပ်မှာရှိတဲ့ ဒေသပေါင်းစုံက ဇွဲနဘဲကြီးလှတဲ့ ဆန္ဒပြ တော်လှန်ပြည်သူတွေပဲ ဖြစ်ကြပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင်တော့ ကမ္ဘာပေါ်မှာ ဒီမိုကရေစီနဲ့ အထိုက်တန်ဆုံး ပြည်သူတွေဖြစ်တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ လူသားသမိုင်းမှာ ထင်းရှားပြောင်မြောက်ရဲဝံ့စွာ သမိုင်းမော်ကွန်း ထိုးရလောက်တဲ့ ရဲစွမ်းသတ္တိ၊ ဇွဲလုံ့လ ဝီရိယတွေနဲ့ စားစရာမရှိ၊ နေစရာအိမ် မရှိတော့ပေမဲ့ ၂ နှစ်နဲ့ ၄ လ ကြာမြင့်ခဲ့တာတောင် ရှားမီးခဲ ရဲရဲတောက်တဲ့ စိတ်ဓာတ်ပြင်းထန်မှုနဲ့ နိုင်ငံ‌ရေး၊ စီးပွားရေး၊ စစ်ရေး ဘက်ပေါင်းစုံကနေ ဝိုင်းဝန်းထိုးနှက် ချေမှုန်းနေကြတာမို့ တချိန်တခါက ကမ္ဘာမှာ ကာကွယ်ရေးစွမ်းရည် အဆင့် ၃၇ မှာ ရှိခဲ့ဖူးတဲ့ စစ်ဓားပြတပ်ဟာ အခုဆို ရေဆိုးမြောင်းထဲက ကြွက်စုတ်တကောင်ပမာ စုတ်ပြတ်သတ်‌အောင် အလဲအကွဲ ထိုးနှက်ခံနေရတာကြောင့် မကြာခင် အဆုံးသတ် ချုပ်ငြိမ်းကွယ်ပျောက်ဖို့ စဆန့်ပြတ်ထွက်မှတ် (Yield Point) ထဲကို စတင်ဝင်ရောက်လာနေပြီ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013