
ဒီနေ့ရေနွေးကြမ်းဝိုင်းမှာ အဘစောမူးသာရယ် စစ်ပြန်ကြီး အဘလုံးတုံးရယ် နိုင်ငံ့အနာဂတ်ကို သုံးသပ်နေကြပါလေ၏။ နိုင်ငံ့အနာဂတ်ကို သုံးသပ်တယ်ဆိုတော့ကာ အခုလက်ရှိ ပစ္စုပ္ပန်ဟာ အဓိကအခန်းကနေ ပါဝင်နေသပေါ့ ခင်ဗျာ။
၂၀၀၈ ဖွဲ့စည်းပုံကိုကျော်လွန်ပြီး အာဏာသိမ်းခဲ့မှု၊ အာဏာသိမ်းပြီး ထင်တိုင်းကျဲ၍ လူမဆန်စွာ ရမ်းကားခဲ့မှု၊ ထိုရမ်းကားခဲ့မှုတွေကို အရင်ခေတ်တွေကလို ငြိမ်ခံမနေဘဲ တနိုင်ငံလုံး ရရာလက်နက်ဆွဲကိုင်ကာ နေရာအနှံ့မှာ နေ့ညမပြတ် တော်လှန်နေမှု၊ ထိုတော်လှန်မှုတွေ အရှိန်အဟုန်ပြင်းလာမှုကြောင့် ဖက်ဆစ်တွေ နေ့စဉ်ရက်ဆက် ဆယ်ဂဏန်းမှသည် ရာဂဏန်းကျော်အထိ ထိခိုက်ကျဆုံးနေမှုတို့တွေ ပါဝင်ပါလေ၏။
ဒီနေ့ ရေနွေးကြမ်းဝိုင်းမှာ ‘ကြားဆရာ’ ဆိုသော သူတို့တွေ၏ ငယ်ပေါင်းသူငယ်ချင်း တဦးလည်း စိတ်ပါဝင်စားစွာ နားထောင်နေတာ မြင်ရပါလေ၏။ ရေးတော့ ‘ကြားဆရာ’ ဆိုပေမဲ့ အသံထွက်တော့ ‘ဂျားဆရာ’ ဖြစ်လေရာ သူ၏ နာမည်ပြောင် ရရှိလာပုံမှာလည်း စိတ်ဝင်စားစရာကောင်းလှပါပေ၏။
“အေးကွာ . . . . ဒီလိုခေတ်ဆိုးကြီးဟာ ဘယ်တော့များမှ အဆုံးသတ်မှာလဲကွာ”
အနှီ ‘ကြားဆရာ’ က ‘ဟူး’ ကနဲ သက်ပြင်းချကာ ညည်းတွားပါလေ၏။ ပြီးတော့ သည်လိုအခြေအနေဆိုးကြီးကနေ အမြန်ဆုံးလွတ်မြောက်ကြရင် အဆင်ပြေမယ်ကွာလို့လည်း စိတ်ပျက်လက်ပျက်ကြီးနှင့် ညည်းပြော ပြောပါလေ၏။
အဘစောမူးသာနှင့် အဘလုံးတုံးတို့က ဖေကြီးကို ပြိုင်တူလှမ်းကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံးပြကြပါလေ၏။ သူတို့အပြုံး၏နောက်ကွယ်မှာ ‘ကြားဆရာ’ အတွက် အဖြေရှိနေမှာ ကျိန်းသေလှပါ၏။
“ကောင်းကောင်းမနေရ၊ ကောင်းကောင်းမသွားရ၊ ကောင်းကောင်းမစားရတဲ့ ဒီလိုကာလပျက်ကြီးကို အမြန်ဆုံး အဆုံးသတ်စေချင်ပြီ”
“ဒီလိုဆိုရင်တော့ မင်းရဲ့ ‘ကြားနေဝါဒ’ ကို အပြီးတိုင်စွန့်လွှတ်ဖို့ အချိန်တန်ပြီကွ”
အဘတို့သူငယ်ချင်း ‘ကြားဆရာ’ ကား ခေတ်အဆက်ဆက် ဘယ်ဘက် ဘယ်ဘက်မှ မပါခဲ့ဘဲ ‘ကြားထဲ’ မှာ နေသူဟု သူ့ကိုယ်သူ ဂုဏ်တင်နေသူဖြစ်ကြောင်း သိရှိရပါလေ၏။
“ငါ စွဲစွဲမြဲမြဲကျင့်သုံးလိုက်နာခဲ့တဲ့ ‘ကြားနေဝါဒ’ ကို စွန့်လွှတ်ရမယ် . . . ဟုတ်လား”
“အေးလေကွာ . . . မင်းက ခေတ်ဆိုးကြီးကိုကျတော့ အမြန်ဆုံးပြောင်းလဲစေချင်တယ် . . . ဒါပေမဲ့လို့ အမြန်ဆုံးပြောင်းလဲအောင် တတ်နိုင်တဲ့ဘက်ကတော့ ဘာမှဝင်မကူဘူးလေ”
“ဟေ . . . ငါက ဘာများတတ်နိုင်မှာလဲကွာ၊ ငါလိုကောင်က ဘာများဝင်ကူနိုင်မှာမိုလို့တုံး”
“ဟားဟား ဟားဟား ဟားဟား . . . . . . .”
အဘစောမူးသာနှင့် အဘလုံးတုံးတို့က ပြိုင်တူ ထရယ်လိုက်ကြပါလေ၏။ ‘ကြားဆရာ’ ကား သူ၏စကားမှာ ဘယ်လိုရယ်စရာများ ပါသွားသလဲဟု ပြန်စဉ်းစားနေပုံပါ။ အရွှင်အဘတွေက ရှင်းပြကြပါ၏။ လုပ်နိုင်တာတွေ အများကြီးပါတဲ့။
“အာဏာသိမ်း ဖက်ဆစ်ဘီလူးတွေ ထုတ်လုပ်တဲ့ပစ္စည်းတွေ ဝယ်မသုံးနဲ့ကွာ။ ဥပမာ မင်းအခုသုံးနေတဲ့ ဖုန်းကတ်၊ မင်းအခုသောက်နေတဲ့ ဘီယာ၊ အရက်ကအစ ဒီကောင်တွေထုတ်နေတဲ့ပစ္စည်းမှန်သမျှ ဆက်မသုံးနဲ့တော့”
“ငါတယောက်တည်း မသုံးရုံနဲ့ ဘာဖြစ်သွားမှာလဲကွာ”
“အေး . . . ငါလည်းမသုံးဘူး၊ လုံးတုံးလည်းမသုံးဘူး၊ ဟောသည်က ဖေကြီးလည်းမသုံးဘူး၊ ရစ်ချတ်တို့ ထွန်းခင်တို့ စိမ်းမောင့်သမက် ကိုနိုင်တို့လည်း မသုံးဘူးကွ။ ငါတို့လို မသုံးတဲ့သူတွေ တနိုင်ငံလုံးမှာ သန်းပေါင်းများစွာ ရှိနေတာဆိုတော့ မင်းသဘောပေါက်လေ”
‘ကြားဆရာ’ က ဆက်ဆွေးနွေးပါလေ၏။ အဲသည်ပစ္စည်းတွေက ဝင်ငွေတွေဟာ ကြင်စိုးတို့ အတွက် ‘လက်နက်’ တွေဝယ်ဖို့ ပိုက်ဆံတွေ ဖြစ်လာမှာကိုတော့ မလိုလားကြောင်းပါတဲ့။
“အဲလောက်ဆို မင်းအတော်ဟုတ်လာပြီကွ။ ဒီတော့ ကြားမှာမနေတော့ဘဲ ‘မှန်’ တဲ့ဘက်ကို ရပ်ပြီး ဝင်ကူညီဖို့ လိုနေပြီဟေ့”
“PDF တွေ NUG တွေဘက်ကိုလား”
“မင်း အတော့်ကို ဟုတ်လာပြီဟ”
သို့ဖြင့် NUG တို့ PDF တို့ကို ထောက်ပံ့ဖို့ကျတော့ လွယ်မှာမဟုတ်ကြောင်း၊ မအလ ဖက်ဆစ်ကောင်တွေက ထောက်ပံ့နေသူတွေကို ဖော်ထုတ်ပြီး ပြစ်ဒဏ်ကြီးကြီးတွေ ပေးနေကြောင်း ပြောလေရာ ဟိုအဘတွေကလည်း ‘ထောက်ပံ့ကြောင်း’ ဖော်ထုတ်လို့မရနိုင်တဲ့ ထောက်ပံ့မှုမျိုးတွေ နည်းလမ်းတလှေကြီးရှိကြောင်း၊ ဥပမာအားဖြင့် ဖုန်းကနေ နေ့စဉ် အချိန်နည်းနည်းပေးပြီး ‘Click’ တာမျိုးကို ဆောင်ရွက်နိုင်ပါကြောင်း ရှင်းပြကြပါ၏။
“မင်း လိုင်းသုံးချိန်မှာ ‘ကလစ်’ ပေါ့ကွာ”
“အင်း . . .”
သို့ဖြင့် အနှီကဲ့သို့သော ‘ကြားဆရာများ’ ‘ဓမ္မ’ ဘက်မှာ ရဲရဲရင့်ရင့် ဝင်ရပ်လာပါက ဒီလို ခေတ်ဆိုး ခေတ်ပျက်ကြီးကနေ ခေတ်ကောင်းကို ရောက်ရန်မှာ ပိုမို၍ မြန်ဆန်လာမှာ ဖြစ်ကြောင်း သုံးသပ်ကြပါ၏။
‘မတရားမှု’ ကို ခေါင်းငုံ့ခံမနေဘဲ ‘တရား’ တဲ့ဘက်ကနေ ဝင်ရပ်ပြီး ကိုယ်တိုင်ပါဝင်ဆောင်ရွက် တွန်းလှန်ကြတဲ့နေ့ဟာ ‘နွေဦးတော်လှန်ရေး’ ရဲ့ အောင်ပွဲနေ့ပဲဟု ဆိုကြပါ၏။ ထိုသို့သော နေ့ရက်လည်း များမကြာခင်မှာပဲ ရောက်လာတော့မှာမလွဲဟု သုံးသပ်ကြပါ၏။
“စကားပြောနေရင်းကနေ တခါက ကြည့်ခဲ့ရတဲ့ ကုလားကားလေးကို သွားပြီးသတိရမိတယ် မူးသာရ”
“လုပ်ပါအုံး ‘အမီတာဘလုံး’ ရယ်”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
ဟိုအရင် NLD အစိုးရခေတ်က Mizzima Channel ကနေလာသည့် ကုလားကားတွေမှာ အတော်ကောင်းကြောင်း၊ အကျင့်ပျက်နေသည့် စစ်အရာရှိတွေ၊ ရဲအရာရှိတွေအကြောင်းကို ဇာတ်အိမ်ဖွဲ့ကာ ရိုက်ကူးထားသည့် ဇာတ်လမ်းတွေဖြစ်ကြောင်း၊ ထိုဇာတ်ကားတွေထဲမှ တကားမှာ ဤသို့ဖြစ်ပါကြောင်း။
အိန္ဒိယမှာ အာဏာပိုင်အဖွဲ့က အုပ်ချုပ်သူတွေရဲ့ အကျင့်ယုတ်မှုတွေ၊ ဥပဒေမဲ့လုပ်ရပ်တွေ၊ စိတ်တိုင်းကျ ဖိနှိပ်မှုတွေကို မခံမရပ်နိုင်သည့်အဆုံး မြို့ငယ်လေးတွေကအစ မြို့ကြီးပြကြီးတွေ အထိ တနိုင်ငံလုံး တချိန်တည်း တရက်တည်းမှာ ‘ပြိုင်တူ’ ထတော်လှန်လိုက်ကြတာ ‘အာဏာရူးတွေ’ အငိုက်မိပြီး ခွေးပြေးဝက်ပြေးနဲ့ နိဂုံးချုပ်ရကြောင်းပါတဲ့။
“ပြည်သူတွေမှာ သေနတ်တွေ ကျည်ဆန်တွေ ဘာမှမရှိဘဲ ‘ဝုန်းဒိုင်းကြဲ’ တော်လှန်လိုက်ကြတာများ အရသာရှိချက်ကွာ”
“လက်နက်နဲ့ အာဏာရှင်ကို လက်နက်မရှိဘဲ ဘယ်လိုတော်လှန်ကြတာလဲဟ”
အဘ ‘ကြားဆရာ’ ၏အမေးမှာ အဘလုံးတုံး ပြုံးပြုံးလေးဖြစ်သွားရှာပါ၏။ ပြီးတော့မှ ဇာတ်ကို ဆက်ပါ၏။ လျှို့ဝှက်တိုင်ပင်ထားကြတဲ့နေ့မှာ တချိန်တည်း တပြိုင်တည်း ဘယ်လိုဆင်နွှဲကြသလဲဆိုတော့ ကိုယ့်လမ်းထဲရောက်လာတဲ့ ရဲ၊ ကိုယ့်အိမ်အောက် ရောက်ရောက်လာတဲ့ စစ်သားကို ကိုယ့်အိမ်တွင်းဖြစ် လက်နက်တွေနဲ့ ရုတ်တရက် ‘နှက်’ ကြတော့တာပါတဲ့။
“ငရုတ်ကျည်ပွေ့တွေ၊ ငရုတ်ဆုံတွေ၊ စဉ်းတီတုံးတွေ၊ အဝတ်လျှော်တုတ်တွေ၊ ကြေးမီးပူတွေ၊ သောက်ရေအိုးတွေဟာ အိမ်တွေရဲ့ ဝရံတာတွေပေါ်ကနေ အောက်က ‘ရဲကိုကို’ တို့ရဲ့ ခေါင်းတွေပေါ်ကို ကျရောက် မိတ်ဆက်လာတာဟ”
“ဟားဟား ဟားဟား ဟားဟား . . . . .”
“တူတွေ၊ လွှတွေ၊ ပိဿလေးတွေ၊ ဖင်ထိုင်ခုံတွေ၊ ရေနွေးအိုးတွေကအစ ပန်းအိုးတွေအဆုံး လူ့အသုံးအဆောင်ပစ္စည်းတွေဟာ ရုတ်တရက် ချက်ချင်း ကျည်ဆန်တွေအဖြစ် ပြောင်းလဲကာ အာဏာရူးတွေနဲ့ နောက်လိုက်တွေရဲ့ ခေါင်းတွေပေါ်ကို ကျရောက်ပြီး ‘မဏိကွမ်းစား’ ဖြစ်ကြလေကုန်သတည်းပေါ့ကွ . . . အာဟ . . . အာဟ”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
သို့ဖြင့် ဒီနေ့စကားဝိုင်းမှာ အဆုံးသတ်ခဲ့ပါလေ၏။ ‘ကြားမနေ’ ပဲ ‘ပါဝင်နွှဲ’ ကြပါမှ ဒီ ခေတ်ကျပ် ခေတ်ဆိုး ခေတ်ပျက်ကြီး မြန်မြန်ပြီးဆုံးကာ ‘ပြည်သူ့ခေတ်’ ကို ရောက်ရှိလာမှာဖြစ်ကြောင်း၊ ယခုကဲ့သို့ အားမလို အားမရ ညည်းတွားနေကြသည့် ‘ကြားဆရာများ’ ကို သဘောပေါက်စေလိုသည်ဟု စေတနာများစွာနှင့် ပြောကြပါလေ၏။
“ဒါနဲ့ လုံးတုံးရေ . . အကယ်၍များ မင့်အိမ်နားကို ကြင်စိုး သာဝ မအလ ရောက်လာပြီဆိုရင် မင်း သူ့ခေါင်းပေါ် ဘာပစ်ချမလဲ”
“ဟဲ ဟဲ ဟဲ ဟဲ ဟဲ ဟဲ . . ညကတည်းက ဓညင်းသီးတွေစားပြီး ပါတော်မူထားတဲ့ ဂန်ဖလားကြီးနဲ့ဆို မကောင်းဘူးလား”
“ဟားဟား ဟားဟား ဟားဟား . . . . .”
ဖေကြီး(လေရှီး)










