DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီက ညောင်ပင်ကြီးရဲစခန်းနှင့်အနီးတဝိုက်က လမ်းများကို ဖျက်ဆီးပြီး မိုင်းထောင် 
DVB
·
June 12, 2023
စစ်ကောင်စီက ညောင်ပင်ကြီးရဲစခန်းနှင့်အနီးတဝိုက်က လမ်းများကို ဖျက်ဆီးပြီး မိုင်းထောင် 
Donate to DVB

ဆားလင်းကြီးမြို့နယ်ထဲမှာ ရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီတပ်တွေကြောင့် ညေင်ပင်ကြီးရွာတဝိုက်မှာ သပိတ်ခေါင်းဆောင် ၁ ယောက်အပါအဝင် ပြည်သူ ၄ ယောက် သေဆုံးပြီး အိမ်အများအပြားပျက်စီးခဲ့ပါတယ်။

ဇွန် ၉ ရက်နေ့ညပိုင်းက ဆားလင်းကြီးမြို့နယ်ထဲက ညောင်ပင်ကြီးရဲစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်သလို အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာပါ။

အဲဒီနေ့ကနေ ဇွန် ၁၂ ရက်နေ့အထိ ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ညောင်ပင်ကြီးရွာတဝိုက် ထန်းတောရွာ၊ ရွာရှည်ရွာ၊ သိမ်တော်ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်နဲ့ အမှတ် ၄ ရပ်ကွက်တို့က အိမ်အများအပြားပျက်စီးသွားပြီး အရေအတွက်အတိအကျကိုတော့ မသိရသေးပါဘူး။

ဇွန် ၁၁ ရက်နေ့ မနက် ၇ နာရီလောက်မှာ ညောင်ပင်ကြီးရဲစခန်းနဲ့ အနီးတဝိုက်ကလမ်းတွေကို စစ်ကောင်စီတပ်က ဘိုဒိုဇာ ၁ စီး၊ မြေထိုးစက် ၁ စီးနဲ့ ဖျက်ဆီးပြီး ညောင်ပင်ကြီး၊ ထန်းတောရွာ၊ ရွာရှည်ရွာတွေမှာလည်း ခြေနင်းမိုင်းတွေေ လိုက်ထောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျမတို့က ဒီနေ့ ကိုယ့်အိမ်ထဲကပစ္စည်းတွေ ပြန်ယူဖို့ အရဲစွန့်ပြီးရွာထဲပြန်ဝင်တယ်ရှင့်။ အဲမှာ ရဲစခန်းအနောက်ဘက်က လမ်းရယ်၊ တောင်ဘက်က လမ်းရယ်၊ မြောက်ဘက်ကလမ်းရယ်ကို ချိုင့်ခွက်ကြီးတွေလုပ်ပြီး လမ်းဖြတ်ထားတယ်။ ချိုင့်ကျင်းကြီးတွေက အတော်ကျယ်တယ်။ အဲလိုနဲ့ ကျမတိုရွာထဲရောက်တော့ စစ်တပ်က မိုင်းအိတ်တွေ အသယ်ခိုင်းတယ်။ အဲမိုင်းတွေကို ရွာထဲက လမ်းတွေ၊ ရွာအဝင်အထွက်လမ်းတွေကို လိုက်ပြီးမိုင်းတွေထောင်နေတာတွေ လုပ်နေတယ်။ ကျမတို့ကို အဲလို‌မိုင်း‌ထောင်ရအောင် ပစ္စည်းတွေ အသယ်ခိုင်းတယ်။ အဲလိုအသယ်ခိုင်းပြီး တချို့သူတွေကို ရိုက်နှက်၊ ထိုးကြိတ်တာတွေလုပ်တယ်။ အဲလိုထိုးကြိတ်ပြီး ပြန်လွှတ်ပေးသူတွေလည်းရှိတယ်။ ပြန်မလွတ်ဘဲ ဖမ်းထားတဲ့သူတွေလည်းရှိတယ်။ ကျမကတော့ သူတို့မသိအောင် ထွက်ပြေးလာခဲ့တာ။ ဖမ်းမိတဲ့သူ အနည်းငယ်တော့ရှိဦးမယ်။ အယောက်ရေ အတိကျတော့ မသိဘူး” လို့ ရွာရှည်ရွာနေ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က အခုလို ရွာအတွင်းကလမ်းတွေကို ဖျက်ဆီးနေသလို ရွာကိုပါ မီးရှို့နေတာကြောင့် ဒေသခံတွေ ဇွန်လ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ ကျေးရွာအတွင်းကနေ ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ လက်ပံတောင်း ပင်မသပိတ်အဖွဲ့ကိုဗန့်ဂျီရဲ့ အလောင်းကို ဇွန် ၁၁ ရက်နေ့ မနက်မှာ ထန်းတောရွာ သစ်ကွင်းအနီး သွားရောက်ကောက်ယူခဲ့ရာမှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ နင်းမိုင်းပေါက်ကွဲတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ခြေထောက်တဖက်ပျက်ထွက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ပံတောင်းပင်မသပိတ်အဖွဲ့ဝင် ကိုဗန့်ကျီ(ခ) ကိုမြတ်သူလင်းကို စစ်ကောင်စီတပ်က ဇွန် ၃ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ရင်ဘတ်နဲ့ဝမ်းဗိုက်မှာ ဓားနဲ့ထိုးထားတဲ့ ဒဏ်ရာတွေနဲ့အတူ တကိုယ်လုံးမှာလည်း နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်နေရင်း သက်ကြီး အမျိုးသမီး ၂ ယောက်သေဆုံးခဲ့ရပြီး ဇွန် ၁၂ ရက်နေ့ ညနေကလည်း နောက်ထပ် အမျိုးသားတဦးရဲ့အလောင်း တွေ့ရပေမယ့် အလောင်းမကောက်နိုင်သေးဘူးလို့လည်း ဆိုပါတယ်။

စစ်ကောင်စီ တပ်စွဲနေတဲ့ ညောင်ပင်ကြီးရွာဟာ တရုတ်ဝမ်‌ပေါင်ကုမ္ပဏီ (လက်ပံတောင်းတောင်) ရဲ့ အရှေ့ဘက်ကပ်လျက်က ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013