
မြန်မာ-အိန္ဒိယနယ်စပ် ကလေး-တမူးလမ်းပေါ် တိုက်ပွဲတွေ ပြင်းထန်လာလို့ ပြည်သူတွေအနေနဲ့ ဘေးကင်းရာတွေမှာ ယာယီပြောင်းရွှေ့ နေထိုင်ကြဖို့ တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး (ဗဟို) အဖွဲ့ က ဇူလိုင် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်တပ်က လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ နေ့တိုင်းပြုလုပ်နေပြီး ပြည်သူ လူထုရဲ့ အသက်အန္တရာယ်ကို ထိခိုက်နိုင်ကြောင်းနဲ့ ယာယီရွှေ့ပြောင်းခြင်းမရှိဘဲ ကျေးရွာတွင်း ဆက်လက်နေထိုင်သူတွေကိုလည်း လိုအပ်သလို အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသား ထားပါတယ်။
စစ်အာဏာရှင်တပ်ဟာ ၂၀၂၆ ခုနှစ်၊ ဇွန် ၂၀ ရက်မှာ ခါမ်းပါတ်ကို ထိန်းချုပ်နိုင်ကြောင်း ကြေညာပေမဲ့ ကနန်ရွာကို မကျော်နိုင်ခဲ့ဘဲ အခုတခါ ထပ်မံထိုးစစ်ဆင်လာတာလို့ စစ်ရေးရင်းမြစ်ကလည်း ပြောပါတယ်။
တမူးအခြေစိုက် စစ်ရေးရင်းမြစ်က “အခုက ကမ္မကြီးဝန်းကျင်မှာပဲ ဖြစ်နေတာက၊ ဒီကောင်တွေ လန်လန်ကျနေတာကို မရမက ဆက်တိုးနေတာ။ လက်ရှိ အဲဒီနား လက်နက်ကြီး၊ ဒရုန်းက အပြန်အလှန်ပဲ။ နေ့တိုင်းတော့ ချနေတာပဲ။ ကနန်ကနေထွက်တော့ တိုက်ပွဲက ပိုပြင်းလာတာ၊ ၂ ရက် လောက်ရှိပြီ” လို့ ပြောပါတယ်။
စစ်တပ်ဟာ တမူးခရိုင်ထဲက အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ဖို့အတွက် မေလကစလို့ တမူး၊ ကလေးနဲ့ မော်လိုက်ဘက်တွေကနေ အင်အား ၁,၀၀၀ ဝန်းကျင်အထိ သုံးကာ ညှပ်ပိတ် ထိုးစစ် ဆင်ခဲ့တာ ဖြစ်ပါတယ်။
အခုတခါ ကနန်ရွာမှာ အခြေချနေတဲ့တပ်တွေက ဝိတုတ်ဘက်က တပ်တွေနဲ့ ချိတ်ဆက်နိုင်ရေး ထပ်မံ ထိုးစစ်ဆင်လာတာလို့ သိရပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ ထိုးစစ်ဟာ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင် အိန္ဒိယနိုင်ငံကိုသွားပြီး ကုလားတန်စီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း ၃ နိုင်ငံ အဝေးပြေးစီမံကိန်း ပြန်စဖို့ ပြောဆိုအပြီး ထွက်ပေါ် လာတာလည်း ဖြစ်ပါတယ်။
စိုးသူအောင်











