
ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းပေါ်ရှိ အခွန်ဦးစီးမှူးရုံးကို ဖောက်ခွဲမှုပြုလုပ်ခဲ့တဲ့ မြို့ပြပြောက်ကျား Brave Eagle တပ်ဖွဲ့ဝင် အမျိုးသား ၅ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီတပ်က သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ ၅ ရက် နေ့လယ် ၁၂ နာရီ ၅ မိနစ်လောက်က ပန်းဆိုးတန်းလမ်းပေါ်ရှိ အခွန်ဦးစီးမှူးရုံး ဗုံးကွဲမှုမှာ အခွန်ဌာန ဝန်ထမ်း ၅ ဦး နဲ့ အရပ်သား ၁ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တာပါ။
အဆိုပါတိုက်ခိုက်ခံရမှုဖြစ်စဥ်အပြီး ဇွန်လ ၇ ရက်၊ ၈ ရက်နဲ့ ၉ ရက်တွေမှာ Brave Eagle အဖွဲ့ဝင်တွေဖြစ်တဲ့ အောင်မြင်သူ (ခ) အောင်လှိုင်ဝင်း၊ အောင်မြင့်မြတ် (ခ) ပြည့်ဖြိုးအောင် (ခ) Mood၊ နေနောင်ဝင်း (ခ) ရှိုင်းထက်ကိုကို (ခ) Roke၊ ကျော်စည်သူ (ခ) Jack၊ အောင်ခန့်ပိုင် (ခ) ဝီလီယံတို့ကို ကြည့်မြင်တိုင်၊ မြေနီကုန်း၊ မရမ်းကုန်းနဲ့ ဒေါပုံမြို့နယ်တို့မှာ လက်လုပ်ဗုံး ၄ လုံး၊ လက်လုပ်မိုင်း ၁ လုံးတို့နဲ့အတူ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
အခုလိုလူငယ်တွေ ဖမ်းဆီးခံရတာ ဟုတ်မှန်ကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
" AK 47 UG အဖွဲ့က ၁ဝ ရက်နေ့ညကတည်းက အတည်ပြုပြီးပါပြီ။ အခုလက်ရှိမှာ ယူဂျီ တော်တော်များများ အဖမ်းခံနေရတာတွေ တွေ့နေရတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ရန်သူက ရပ်ကျေးတွေကို အခြေပြုပြီး ကောင်ကောင်း ရန်ကုန်ကိုကြီးစိုးထားပြီ၊ အာဏာသိမ်းပြီး နှစ်နှစ်တာကာလမှာ ပြည်သူတွေရဲ့ အင်းအားဟာ အရမ်းအင်အားကောင်းနေခဲ့ပေမဲ့ ၂ နှစ်ကျော်လွန်ပြီ ၃ နှစ်ထဲဝင်လာတဲ့အချိန်မှာ ပြည်သူတွေလည်း ပင်ပန်းလာကြပြီ။ စကစကလည်း ဒါကိုအခွင့်ကောင်းယူပြီး အခုလိုတွေ ကြီးစိုးနိုင်အောင်လုပ်ခဲ့တယ်လို့ ထင်ပါတယ်။ ရန်သူက ကိုယ့်အလုပ်လုပ်နေတဲအချိန်၊ ကိုယ့်ဘက်ကလည်း သိုသိုသိပ်သိပ်နဲ့ ပြန်လုပ်ဖို့လိုနေပါပြီ။"
Brave Eagle အဖွဲ့ဝင်တွေ အဖမ်းခံရတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာ Brave Eagle အဖွဲ့တွေကတော့ အတည်ပြု ထုတ်ပြန်တာမတွေ့ရသေးပါဘူး။
Photo-DSINFO










