DVB Logo
Home
မြန်မာသတင်း
ကုလ၊ နိုင်ငံတကာအပါအဝင် အရပ်ဘက်အဖွဲ့အားလုံးကို ရခိုင်သို့ ခရီးသွားခွင့်ပိတ်လိုက်သဖြင့် ပြည်သူများ အခက်ကြုံ
DVB
·
June 11, 2023
ကုလ၊ နိုင်ငံတကာအပါအဝင် အရပ်ဘက်အဖွဲ့အားလုံးကို ရခိုင်သို့ ခရီးသွားခွင့်ပိတ်လိုက်သဖြင့် ပြည်သူများ အခက်ကြုံ
Donate to DVB

မိုခါမုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို ကုလသမဂ္ဂ UN အပါအဝင် နိုင်ငံတကာနဲ့ ပြည်တွင်းက အရပ်ဘက်အဖွဲ့အစည်းအားလုံး ခရီးသွားလာခွင့် စစ်ကောင်စီဘက်က ဇွန် ၇ ရက်မှာ ပိတ်ပင်လိုက်ပါတယ်။

ရခိုင်ပြည်နယ်တွင်း ခွင့်ပြုထားတဲ့ ခရီးသွားလာခွင့်တွေကို ရပ်ဆိုင်းဖို့ စစ်ကောင်စီရဲ့ရခိုင်ပြည်နယ်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ လက်မှတ်ထိုးပြီး ပိတ်ပင်လိုက်တာပါ။

ဒီလို ပိတ်ပင်လိုက်တာကြောင့် မုန်တိုင်းသင့် ရခိုင်ပြည်သူတွေဟာ စားသောက်ရေး အခက်အခဲအပြင် မိုးရာသီမှာ လုံခြုံတဲ့ အမိုးအကာအောက်မှာ မနေရတဲ့ ဒုက္ခတွေ ခံစားနေရတယ်လို့ ရခိုင်ပြည်နယ်၊ မောင်တော ဒေသခံတယောက်က ပြောပါတယ်။

"အခုက မိုးတွင်းကာလရောက်တဲ့အခါ ပြည်သူတွေက ဒီထက် ပိုဒုက္ခရောက်သွားပြီ။ စားဝတ်နေရေးထက် ပိုအရေးကြီးလာတာက နေရေးထိုင်ရေးက အမိုးအလုံလောက်လောက်နဲ့ ဒီလိုမျိုး အဆင်ပြေအောင် မနေနိုင်ရင်တောင် လောလောဆယ် ယာယီ လတ်တလော အနေနဲ့ မိုးရာသီကာလမှာ အမြန်ဆုံး ခိုလှုံနေနိုင်အောင် လုပ်မပေးနိုင်တဲ့အတွက် တာဝန်ပိုပြီး ဒုက္ခရောက်အောင် လုပ်တဲ့ သဘောရှိတာပေါ့။

"ပြီးတော့ သူတို့ သတင်းစာတွေမှာ ရခိုင်ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးအတွက် စားနပ်ရိက္ခာတွေ ဘယ်လောက် ပေးလိုက်ပြီဆိုပြီး အကြီးအကျယ်တွေ ရေးတယ်။ တကယ့် မြေပြင်မှာတော့ ပေးတာတွေတောင် လုံလုံလောက်လောက် မရှိဘူး။ တရက်စာ နှစ်ရက်စာပဲ ပေးတာတွေ့ရတယ်။ အဓိကက စားနပ်ရိက္ခာတွေကို ပေးတာပေမယ့် နေအိမ်ပျက်စီးသွားတာတွေကို လောလောဆယ် သံဖြူ မမိုးပေးတောင် နေနိုင်အောင် တာလပတ်တွေ မိုးပေးရင်တောင် ပြည်သူတွေအတွက် ပိုကောင်းသွားတာပေါ့။ အခုက သူတို့ အပြောနဲ့ အလုပ် တခြားစီ ဖြစ်နေတယ်။ နိုင်ငံတကာ ကူညီထားတာ ထောက်ပံ့ကူညီထားတာ တွေ့ရတယ်။ ဒါပေမဲ့ ရိက္ခာတွေကို ဘယ်အချိန်မှ ခွဲဝေမှာလဲ။ နောက်မှ အဆင်ပြေမှ ခွဲဝေမယ်ဆို ဒါအလကားရှိသွားမှာပဲ။ ကျနော်တို့က အရေးပေါ် တုံ့ပြန်ချက်ဆိုတာ ဘယ်လိုမှ ရှိလာမှာ မဟုတ်ဘူး။ သူတို့ ဝမ်းရေးရပြီဆိုမှ နာမည် ဝင်ယူချင်တာ ဖြစ်နေတာပေါ့" လို့ မောင်တော ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အခုလိုမျိုး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့တွေရဲ့ အကူအညီ ပေးမှုကို ပိတ်ပင်တာဟာ စစ်ကောင်စီက နိုင်ငံရေး အကျိုးအမြတ်ရဖို့ လုပ်တာဖြစ်ပြီး နိုင်ငံတကာနဲ့ ဒေသတွင်း ကူညီရေးအဖွဲ့တွေကို ထိန်းချုပ်ချင်တာကြောင့်လို့ လူမှုကူညီ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်တွင်းက မုန်တိုင်းဒဏ်သင့်ထားတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ နေစရာ အခက်အခဲ အဓိက ကြုံနေရပြီး၊ စားနပ်ရိက္ခာတွေလည်း မလုံလောက်တဲ့အတွက် စစ်ရှောင်တွေ အာဟာရ ချို့တဲ့ပြီး ကျန်းမာရေး ထိခိုက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် စစ်ရှောင်စခန်း တာဝန်ရှိသူက "ကျနော်တို့ ကယ်ဆယ်ရေးစခန်းမှာတော့ အခက်အခဲ ရှိတယ်။ ဘယ်လို အခက်အခဲရှိလဲဆိုတော့ မုန်တိုင်းဘေးမှာ ကျနော်တို့ အိမ်တွေ အကုန် ပါသွားလို့ အိမ်မဆောက်ရသေးဘူး။ အိမ်မဆောက်ရသေးလို့ တာလပတ်တွေနဲ့ မိုးမလုံ လေမလုံ နေနေရတယ်။ ရိက္ခာတွေလည်း မရောက်သေးလို့ စားရေးသောက်ရေး အခက်အခဲရှိတယ်။ နေရေးထိုင်ရေး အခက်အခဲ ရှိတယ်။ ကျနော်တို့ အခုလောလောဆယ် မလုံတလုံ နေတယ်ဆိုတော့ မိုးရွာတဲ့နေတွေဆို ပုဆိုးတွေကာ၊ စောင်တွေကာပြီး အပြင်မထွက်ရဲ နေရတယ်။ မိုးကာလေး ပါးပါးလေးကို ခြုံပြီး နေရတယ်ဗျ။ ကျနော်တို့မှာ တချို့ဆိုရင် အဲ့ဒုက္ခကို မခံနိုင်လွန်းလို့ ငိုတဲ့သူတွေ မျက်ရည်ကျသူတွေလည်း အများကြီး ရှိတယ်ဗျ။ ကျနော်တို့ စစ်ဘေးရှောင်တွေနဲ့တကွ ရခိုင်ပြည်သူ ပြည်သားတွေဟာ အဓိက စစ်ဘေးရှောင်တွေက တိုက်ပွဲဖြစ်တုန်းကလည်း အခက်အခဲပေါင်းများစွာနဲ့ ရှောင်နေရတယ်။ အဲ့ကြားထဲမှာ ကယ်ဆယ်ရေးတွေကို တားဆီးလိုက်တယ်ဆိုတော့ စစ်ဘေးရှောင်စခန်းတွေ တပြင်လုံးကို သတ်နေတာနဲ့ တူတယ်" လို့ ပြောပါတယ်။

လက်ရှိအချိန်ထိ နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေ ရခိုင်ပြည်နယ် ပြည်သူတွေဆီ တိုက်ရိုက် မရောက်ရှိဘဲ စစ်ကောင်စီဘက်ကလည်း ထိရောက်တဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်တာ မတွေ့ရဘူးလို့ ရခိုင်ပြည်သူတွေက ပြောပါတယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အပါအဝင် ပြည်သူ ၅ ဒသမ ၄ သန်းလောက် သဘာ၀ ဘေးအန္တရာယ် ထိခိုက်ခံစားခဲ့ရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA-Myanmar) က ခန့်မှန်းထားပါတယ်။

ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၁၄၆ ယောက်နဲ့ ဒဏ်ရာရရှိသူ ၁၀ ယောက်၊ ပျောက်ဆုံးသူ ၃ ယောက်ရှိခဲ့ပြီး လူ ၁ ဒသမ ၂ သန်းကျော် ထိခိုက်ခဲ့ကာ အကူအညီ လိုအပ်နေတယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) က မေလနောက်ဆုံးအပတ်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013