
ပဇီကြီးကျေးရွာသားတွေအတွက် ဝမ်းနည်းကြောင်း ဖေ့စ်ဘွတ်ခ်မှာစာရေးမှုနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ သရုပ်ဆောင် မေပန်းချီကို အင်းစိန်အကျဥ်းထောင်တွင်း စစ်ခုံရုံးက ဇွန်လ ၇ ရက် မနက်မှာ ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၃ ချမှတ်လိုက်တယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အကျဥ်းဦးစီးနဲ့နီး စပ်သူတစ်ဦးက "မေပန်းချီကို အမိန့်ချလိုက်တယ်ဆိုတာ ဟုတ်တယ်။ သူ နေတဲ့မြို့နယ်က စစ်အုပ်ချုပ်ရေးမှာပါတဲ့ မြို့ဖြစ်နေတော့ စစ်ခုံရုံးက တိုက်ရိုက်အမိန့်ချတာ။ တခြားသူတွေက စစ်ဆေးနေဆဲပဲရှိသေးတယ်"လို့ ဒီဗွီဘီ ကိုပြောပါတယ်။
ဧပြီ ၁၁ ရက်မနက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သေဆုံးသွားခဲ့ရတဲ့ ပြည်သူတွေအတွက် ဝမ်းနည်းကြောင်း လူမှုကွန်ရက်စာမျက်နှာမှာရေးသားခဲ့အတွက် မေပန်းချီကို မြောက်ဒဂုံမြို့နယ်ရှိ သူ့ရဲ့နေအိမ်ကနေ စစ်ကောင်စီက ဖမ်းဆီးခဲ့သွားပြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
အလားတူ သရုပ်ဆောင် မြတ်သူသူ၊ အဆိုတော်ရွှေရည်သိန်းတန်၊ အဆိုတော် မေလသံစဉ်နဲ့ The Voice ဂျာနယ်အယ်ဒီတာချုပ်ဟောင်း ဦးကျော်မင်းဆွေတို့ကိုလည်း ပဇီကြီးကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက ဖမ်းဆီး အမှုဖွင့်ခဲ့ပါတယ်။