DVB Logo
Home
မြန်မာသတင်း
ရွှေဘိုခရိုင်တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ခင်ဦးမြို့နယ်၌ စစ်တပ်က ရွာမီးရှို့၊ လူသတ်၊ နွားနှင့် သိုးများ ခိုးယူ
DVB
·
June 11, 2023
ရွှေဘိုခရိုင်တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ၊ ခင်ဦးမြို့နယ်၌ စစ်တပ်က ရွာမီးရှို့၊ လူသတ်၊ နွားနှင့် သိုးများ ခိုးယူ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာနဲ့ မဲတောကျေးရွာကြားမှ စစ်ကောင်စီရဲ့ ရိက္ခာပို့လာတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ရာကနေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ PDF တပ်ဖွဲ့ထံကသိရပါတယ်။ 

ဇွန် ၈ ရက် မနက်ပိုင်းမှာ ရွှေဘိုမြို့ ပလိုင်းရွာရှိ စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို ရိက္ခာပို့ဖို့ ရွှေဘိုမြို့ထဲကနေ ထွက်လာတဲ့စစ်ကား ၂ စီးကို မိုင်းအရင်ဆွဲပြီးနောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ၁၅ မိနစ်လောက် အပြန်လှန်တိုက်ပွဲဖြစ်တာလို့ Myanmar Defense Force – Shwebo တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ 

"ရွှေဘိုက အထွက်ထိကားနဲ့ လာပြီးနောက် ခြေလျင်ဆင်းလျောက်တာပါဗျ။ အင်အား ၅၀ ဝန်းကျင်လောက်ပါပဲ။  ပစ်ကြခတ်ကြတဲ့အခါ မီတာ ၄၀၀ လောက်ပဲဖြစ်တာကြောင့် သူတို့ ဘက်ကလဲ သွားတာတွေမြင်ရတယ်။ အနည်းဆုံး ၈ ဦးတော့ သေဆုံးနိုင်ပါတယ်။ ဒီထက်ပိုပြီးလည်း သေနိုင်ပါတယ်။ တိုက်ပွဲဖြစ်အပြီးမှာ သူတို့ဘက်က ပြန်ဆုတ်တာကို ချီပါရွာအထွက်နား ကျနော်တို့ ဆီကနေ ၄၀ မမတွေနဲ့ ထပ်ပစ်ချိန်မှာ ကျေးရွာက ဆိုင်ခန်းတွေကို မီးရှို့သွားလို့ ဆိုင်ခန်း နှစ်ခန်း မီးထဲပါသွားတယ်။ မီးရှို့အပြီး သူတို့ ရွှေဘိုမြို့ထဲကို  ပြန်ဆုတ်သွားပါတယ်။”

အဆိုပါတိုက်ခိုက်မှုကို  Myanmar Defense Force - Shwebo၊ ငါးမည်ရပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း ၄ ၊ တပ်ခွဲ ၂ ၊ လျှပ်စီးမုန်တိုင်း၊ အောင်ဇေယျ၊ Black Eagle၊ တိုက်နယ် ၅  ပကဖနဲ့တိုက်နယ် ၂ ပကဖ အဖွဲ့တွေ​ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်မှာလည်း ဒေသအခြေစိုက် ခလရ ၁၂ က စစ်ကောင်စီတပ်ဖွဲ့ အင်အား ၆ဝ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Black Wolf Armyနဲ့ မဟာမိတ်တပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။

ဇွန်လ ၁ဝ ရက် မနက်ပိုင်း ၈ နာရီ၄၅ မိနစ်လောက်က  ကျောက်မြောင်းမြို့နယ် ရွှေဘို-ကျောက်မြောင်းလမ်းအတိုင်း ခလရ ၁၂ ကနေ လမ်းလုံခြုံရေးအကြောင်းပြကာ စစ်ကြောင်းထွက်လာတယ်လို့သတင်းရလို့ စောင့်ဆိုင်းခဲ့ပြီးတိုက်ခိုက်နိုင်ခဲ့တာလို့ Black Wokf Army က တာဝန်ရှိသူတဦးက ပြောပါတယ်။

"မိုင်းဆွဲတာက ၂ လုံးပါ။ သတင်းကကြိုရလို့ ရွှေဘို-ကျောက်မြောင်းလမ်းပေါ် အုန်းပေါက်ရွာနား မှာ စောင့်ကြိုမိုင်းဆွဲခဲ့တာပါ။ စစ်ကြောင်းစထွက်မှ မိုင်းထောင်တာဖြစ်တဲ့အတွက် သေဆုံးတာက မျက်မြင်အတည်ပြုနိုင်လိုက်တာပါ။”

တိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး နေရာတင်ပွဲချင်းပြီးသေဆုံးကာ ၃ ဦးဒဏ်ရာပြင်းထန်တဲ့အတွက် မန္တလေးဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်လိုက်တယ်လို့ တပ်တွင်းသတင်းအရ အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို Black Wolf Armyနဲ့ အတူ မဟာမိတ် Who Am I Army နဲ့ တိုက်နယ် ပကဖ ၄ တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာတော့  ရေအေးကုန်းရွာကို ဇွန် ၉ ရက်က စစ်ကောင်စီတပ် စစ်ကြောင်းက လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့ကြပြီး ညအိပ်တပ်စွဲခဲ့တာကြောင့် ကျေးရွာ ၄ ရွာမှ ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

စစ်ကြောင်းကနေ ပစ်ခတ်လို့ ကျေးရွာမှာ နွား ၇ကောင် သေဆုံးခဲ့ရသလို နေအိမ် ၄ လုံးနဲ့ စာသင်ကျောင်းဆောင်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားပါတယ်။

ဇွန် ၁ဝ ရက် မနက်မှာလည်း ဖိုလ်ကုန်းရွာကို စစ်ကောင်စီတပ်ကဝင်ရောက်ပြီး နွား၊ သိုး အကောင် ၇၀ ကျော် ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၁ ရက်ကနေ ဇွန် ၁၀ ရက်ထိ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက  ကျေးရွာ ၅ ရွာ ရှိ နေအိမ် ၈၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားပြီး အသက် ၅၀ ကျော်အမျိုးသားတယောက် အကြမ်းဖက် မီးရှို့သတ်ဖြတ်ခံရကာ အသက် ၆၀ ကျော်အမျိးသမီးတယောက်  စစ်ဘေးရှောင်ရင်း သေဆုံးခဲ့ရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေနဲ့ စစ်ကောင်စီတပ်ဘက်က သေဆုံးဒဏ်ရာရတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013