
ဂျော်ဒန်နိုင်ငံက အမေရိကန်တပ်စခန်းဖြစ်တဲ့ အယ်လ်-အာဇ်ရက် စစ်စခန်းရဲ့ နေရာ ၄ ခုကို အဝေးပစ် ဒုံးကျည်တွေနဲ့ ပစ်မှတ်ထားခဲ့တယ်လို့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ဇွန် ၁၀ ရက်မှာ ပြောပါတယ်။
ပစ်မှတ်တွေထဲမှာ F-35 တိုက်လေယာဉ်ဂိုဒေါင်တွေနဲ့ ကွပ်ကဲရေးဌာနတို့ ပါတယ်လို့ အစောင့်တပ် က ပြောခဲ့ပြီး နောက်ထပ် အမေရိကန်ရဲ့ တိုက်ခိုက်မှုတိုင်းကို ချေမှုန်းပြီး ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ အသင့်ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။
ဂျော်ဒန်လက်နက်ကိုင်တပ်ဖွဲ့တွေက အီရန်ကနေ ဂျော်ဒန်နိုင်ငံမှာရှိတဲ့ အယ်လ်-အာဇ်ရက် ဒေသကို ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၅ စင်းကို ကြားဖြတ်ပစ်ချခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ကြားဖြတ်စစ်ဆင်ရေးကနေ ထွက်လာတဲ့ အပျက်အစီးတွေဟာ ဂျော်ဒန်နယ်မြေပေါ် ကျရောက် ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူလည်း မရှိ သလို ပစ္စည်းပျက်စီးတာလည်း မဖြစ်ခဲ့ဘူးလို့ စစ်တပ်က ထပ်ပြောခဲ့ပါတယ်။
အီရန်ပစ်မှတ်တွေအပေါ် အမေရိကန်ရဲ့ တိုက်ခိုက်မှုအသစ်တွေကို တုံ့ပြန်တဲ့အနေနဲ့ အီရန် လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အမြင့်ဆုံးအဆင့် တိုက်ခိုက်ရေး အသင့်ဖြစ်တဲ့ အနေအထားကို ရောက်နေပြီဖြစ်ပြီး ဘယ်လို တိုက်ခိုက် ခြိမ်းခြောက်မှု မဆို မတုံ့ပြန်ဘဲနေမှာ မဟုတ်ဘူးလို့ အီရန်ရဲ့ နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရာချီက အမေရိကန်ကို လူမှုကွန်ရက်ကနေ သတိပေးခဲ့ပါတယ်။
အီရန်ကာကွယ်ရေး ဝန်ကြီးဌာနကလည်း မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နိုင်ငံလုံခြုံရေး၊ လွတ်လပ်ရေးနဲ့ နယ်မြေပိုင်နက်ကို ကာကွယ်ဖို့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ၊ လက်နက်တွေနဲ့ စနစ် တွေ ထုတ်လုပ်မှုကို တိုးမြှင့်မယ်လို့ ကတိပြုခဲ့ပါတယ်။
တားဆီးကာကွယ်ရေးစွမ်းရည်တွေကို ဆက်မြှင့်တင်သွားမှာ ဖြစ်ပြီး ဘယ်ရန်သူကမှ အီရန်ရဲ့ လုံခြုံရေးကို နည်းနည်းလေးတောင် ဖျက်ဆီးဖို့ ခွင့်မပြုဘူးလို့ အီရန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒီမနက် အစောပိုင်းက အီရန်တောင်ပိုင်း ဟော်မုဂံပြည်နယ်၊ ဆိပ်ကမ်းမြို့ စီရစ်ခ်နဲ့ မီနက်ဘ်မြို့တွေ မှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တဲ့ သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။
အဲဒီနေ့မှာပဲ အီရန်ဒရုန်းတွေဟာ အီရတ်လေပိုင်နက်ကို ဖြတ်ကျော်ပျံသန်းပြီး အမေရိကန် ပစ်မှတ် တွေကို တိုက်ခိုက်ခဲ့တယ်လို့ အီရတ်စစ်သွေးကြွအဖွဲ့နဲ့ ဆက်စပ်နေတဲ့ အဖွဲ့တဖွဲ့က သတင်းပို့ ခဲ့ပါတယ်။
သီးခြားအနေနဲ့ အစ္စရေးစစ်ဘက်အကြီးအကဲ အီယယ်ဇာမီယာက အစ္စရေး စစ်တပ်ဟာ အီရန်ကို ဘယ်အချိန်မှာမဆို စစ်ဆင်ရေးတွေ ပြန်စဖို့ အသင့်ရှိနေတယ်လို့ ပြောခဲ့ပြီး အစ္စရေး ကာကွယ်ရေးနဲ့ ထိုးစစ်စနစ်အားလုံး အသင့်အနေအထားမှာရှိနေတယ်လို့ ဇွန် ၉ ရက်က ထပ်ပြောခဲ့ပါတယ်။
Source: Reuters










