
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း၊ ဘော်နိုပြည်နယ်ရှိ မိုင်ဒူဂူရီမြို့မှာ တနေ့တည်းအတွင်း ဖြစ်ပွားခဲ့တဲ့ အသေခံဖောက်ခွဲတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၂၃ ယောက် သေဆုံးပြီး ၁၀၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က မတ် ၁၆ ရက် နှောင်းပိုင်းမှာ ကြေညာပါတယ်။
သတင်းရင်းမြစ်တွေရဲ့ ပြောကြားချက်အရ ဗုံးပေါက်ကွဲမှုတွေက တနေရာပြီးတနေရာ ဆက်တိုက် ဖြစ်ပွားခဲ့တာပါ။
မတ် ၁၆ ရက် ညနေ ၇ နာရီခွဲဝန်းကျင်မှာ မြို့လယ်ခေါင်က စာတိုက်၊ လူစုလူဝေးများတဲ့ တနင်္လာဈေးနဲ့ မိုင်ဒူဂူရီ တက္ကသိုလ်သင်ကြားရေးဆေးရုံတို့မှာ မိနစ်ပိုင်းအတွင်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အရှေ့ပိုင်း ကာလေရီရပ်ကွက်မှာ ပေါက်ကွဲမှုတခု ထပ်မံ ဖြစ်ပွားခဲ့ပါတယ်။
ရာမာဒန် ဥပုသ်အပြီး လူအများပြား စုဝေးနေချိန်ကို ပစ်မှတ်ထား လုပ်ဆောင်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု မြင့်မားခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုဟာ မိုင်ဒူဂူရီမြို့မှာ လတ်တလော ဖြစ်ပွားခဲ့သမျှထဲမှာ အသေအပျောက် အများဆုံးလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့ ကနဦး စုံစမ်းစစ်ဆေးချက်အရ ဒီတိုက်ခိုက်မှုတွေဟာ အသေခံဖောက်ခွဲသူတွေက လုပ်ဆောင်ခဲ့တယ်လို့ ယူဆထားပြီး တိုက်ခိုက်သူတွေကို ဆက်လက်စုံစမ်းနေပါတယ်။
နိုင်ဂျီးရီးယားသမ္မတ ဘိုလာတီနူဘူက ဒီတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပြီး ဒီလုပ်ရပ်ကို ကျူးလွန်သူတွေကို ရှာဖွေဖမ်းဆီးကာ အမြစ်ပြတ်တိုက်ဖျက်သွားမယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ လုံခြုံရေးအဖွဲ့တွေက မြို့တလျှောက် လုံခြုံရေးတိုးမြှင့်ထားပြီး နောက်ထပ် အကြမ်းဖက်မှု ဖြစ်နိုင်ခြေ ရှိနေသေးကြောင်း သတိပေးထားပါတယ်။
Source: Reuters










