DVB Logo
Home
မြန်မာသတင်း
သရက်ချောင်းမြို့နယ် ကနက်သီရိရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး အိမ် ၃ လုံး မီးရှို့ဖျက်ဆီး
DVB
·
June 10, 2023
သရက်ချောင်းမြို့နယ် ကနက်သီရိရွာကို စစ်တပ်က စစ်ကြောင်းထိုးပြီး အိမ် ၃ လုံး မီးရှို့ဖျက်ဆီး
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာကို ဇွန် ၈ ရက်ကစပြီး ဒီကနေ့ (၁၀ရက်) အထိ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး နေအိမ် ၃ လုံး မီးရှို့ခဲ့တယ်လို့ တိမ်းရှောင် နေရတဲ့ဒေသခံတွေက ပြောပါတယ်။

ဇွန် ၈ ရက်မှာ သရက်ချောင်းမြို့နယ်၊ ကျွဲမင်းကုန်းရွာဘက်ကနေ ရွာစဉ်တလျှောက် လယ်ကွင်းလမ်းအတိုင်း ရွာသားတချို့ကို လမ်းပြလူသားဒိုင်းအဖြစ် ဖမ်းခေါ်လာပြီး ကနက်သီရိရွာကို စစ်ကောင်စီစစ်ကြောင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဇွန် ၈ ရက်မှာပဲ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဇွန် ၉ ရက်မှာတော့ စစ်ကောင်စီ သင်္ဘောတစီး ကနက်သီရိရွာဆိပ်ကမ်းမှာ လာရောက် ဆိုက်ကပ်ထားပြီး ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ကျွဲမင်းကုန်းရွာကနေ ကနက်သီရိရွာတလျှောက် ရွာသား ၃၀ ကျော်ကို ဖမ်းဆီးထားခဲ့ပါတယ်။ 

အဲဒီ ဘုန်းကြီးကျောင်းမှာပဲ စစ်ဗိုလ်လို့ယူဆရတဲ့ အလောင်းတလောင်းအပါအဝင် တာလပတ်နဲ့ အုပ်ထားတဲ့ တခြားစစ်သားအလောင်း ၃ လောင်းရှိနေတယ်လို့ ရွာသားတွေက ပြောပါတယ်။

ကနက်သီရိရွာ သေလုကုန်းရပ်ကွက် အောင်မြင်ရေးလမ်းရှိ CDM ပညာရေးဝန်ထမ်းတဦးရဲ့ နေအိမ်နဲ့ ဘဲစားပြင်ရပ်ကွက်ရှိ နေအိမ်၂ လုံး၊ စုစုပေါင်း ၃ လုံးကို ဇွန် ၉ ရက်မှာ မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။ 

တိမ်းရှောင်နေရတဲ့ရွာသားတဦးက "ရွာထဲမှာတော့ သက်ကြီးပိုင်းတွေက လွဲရင် အကုန်နီးပါး ထွက်ပြေးကုန်ပြီ။ အခုမနက် (ဇွန် ၁၀ ရက် မနက် ၉း ၃၇ မိနစ်) လည်း လက်နက်ကြီး အသံတွေကြားနေရတယ်။ ရွာအနီးနား ပတ်ဝန်းကျင်လည်း ပစ်ခတ်သံတွေ ကြားနေရတယ်။ လေကြောင်းက လာပစ်မှာပဲ ပိုစိတ်ပူနေတယ်" လို့  ပြောပါတယ်။

မြိတ်-ထားဝယ်ကားလမ်းပိုင်းရှိ သရက်ချောင်းမြို့နယ်က ကျေးရွာ အချို့မှာ ဇွန်လဆန်းက စစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက သရက်ချောင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

အခု ဇွန်လဆန်းမှာပဲ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးထားတဲ့ နေအိမ် ၅ လုံး အထိ ရှိနေပြီ ဖြစ်ပါတယ်။

စစ်ရေးတင်းမာနေတာကြောင့် မြိတ် - ထားဝယ် ကားလမ်းကို မနက် ၆ နာရီကနေ ည ၉နာရီ အတွင်းသာ သွားလာပေးကြဖို့ သရက်ချောင်း ပကဖ က သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013