
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေ အမှတ် ၂ ရဲစခန်းမှာ ဘုန်းကြီးကို ကားနဲ့တိုက်ပြီး အလောင်းစွန့်ပစ်ခဲ့တဲ့ ယာဉ်မောင်းအမျိုးသားတဦးကို ဇွန် ၈ ရက် နေ့လယ်ပိုင်းက ဖမ်းမိထားပြီလို့ ပရဟိတမင်းခေါင်ကယ်ဆယ်ရေးအသင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၆ ရက် မနက် ၅ နာရီလောက်မှာ ရွှေတောင်ကြားကျောင်းတိုက်က အသက် ၉၃ နှစ်၊ ဝါတော် ၂၁ ဝါရှိ ဦးဩဘာသနဲ့ ဒုလ္လဘဦးဇင်းတပါးတို့ အရုဏ်ဆွမ်းခံထွက်လာချိန် လူ ၄ ဦးပါ လိုက်ထရပ်ယာဉ်က ဦးဩဘာသကို တိုက်မိခဲ့တာဖြစ်ပြီး ဆေးခန်းပို့ပေးမယ်ဆိုကာ ရုပ်အလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့တာပါ။
ဝင်တိုက်မိတဲ့ ကားနံပါတ် MDY-8B/4277 ကို အတူပါ ဒုလ္လဘဦးဇင်းက ဓာတ်ပုံရိုက်ထားနိုင်လိုက်ပြီး အဆိုပါယာဉ်ကို မြင်ဖူးနေတဲ့ ရပ်ကွက်နေသူတွေက ဘုန်းကြီးမိသားစုဝင်တွေကို အသိပေးခဲ့တာပါ။
ရုပ်အလောင်းစွန့်ပစ်ခံရတဲ့ ဘုန်းကြီးဟာ မန္တလေး ပရဟိတမင်းခေါင် M-Rescue ကယ်ဆယ်ရေးအသင်း ဗဟိုဥက္ကဋ္ဌရဲ့ ယောက္ခထီးတော်စပ်သူလို့ သိရပါတယ်။
ပရဟိတမင်းခေါင်အသင်း ဥက္ကဋ္ဌက “သူတို့ ကားနဲ့တိုက်တဲ့အချိန် ဘုန်းကြီးက ထထိုင်သေးတယ်။ ကားနဲ့ အောင်ချမ်းသာရွာက ဆေးရုံလိုက်ပို့တော့ ဆရာဝန်တွေက စမ်းသပ်ကြည့်တော့ အသက်မရှိတော့ဘူး။ အစိုးရဆေးရုံပဲ ပို့ဖို့ပြောတော့ သူတို့ ကြောက်လန့်ပြီးတော့ သူတို့ကျောင်းက ဘုန်းကြီးကိုလည်း အကြောင်းမကြားဘဲနဲ့ ဘယ်သူမှ မသိလောက်ဘူးဆိုပြီး စွန့်ပစ်ခဲ့တာ” လို့ ပြောပါတယ်။
လိုက်ထရပ်ကားဟာ တောင်ခြေရှိ မျိုးချစ်ပရဟိတမိဘမဲ့ ကလေးကျောင်းတိုက်မှာ နေထိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုနေမျိုးသူ (ဘ) ဦးနိုင် ဖြစ်တယ်လို့ သိရပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ကျူးလွန်သူ ယာဉ်မောင်းရဲ့ ပြောပြချက်အရ အဲ့ဒီမနက်ပိုင်းက ကားမောင်းပြန်လာချိန် တောင်ခြေလမ်းမှာ ဘုန်းကြီးတပါးကို တိုက်မိကြောင်း၊ အောင်ချမ်းသာရွာရှိ ပုဂ္ဂလိကဆေးရုံကို သွားပြကြောင်းနဲ့ စမ်းသပ်ချက်အရ ဘုန်းကြီးမှာ ပျံလွန်သွားတာကြောင့် ဆေးရုံကိုပို့ဖို့ သယ်လာချိန် လမ်းလူပြတ်တဲ့နေရာမှာ ဘုန်းကြီးရုပ်အလောင်းကို စွန့်ပစ်ခဲ့တာလို့ သိရပါတယ်။
မျိုးချစ်ပရဟိတကျောင်းဆရာတော်ရဲ့ မိန့်ကြားချက်ကို ပရဟတိမင်းခေါင်အသင်း တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။
“ဘုန်းဘုန်းကတော့ သူ့တပည့်တွေ မှားတယ်လို့ ပြောတယ်။ ဆုံးသွားတဲ့ ဘုန်းကြီးနဲ့ သူနဲ့က သားအဖတွေလို နေတာလို့ ပြောတယ်။ ဖုန်းပြောကြတော့ ယာဉ်အမှုစစ်ကလည်း ယာဉ်တိုက်မှုနဲ့ပဲ အခုဟာ ဖမ်းတာ။ ကျန်တဲ့ ၃ ယောက်က ဘယ်လိုလဲမေးတော့၊ မနိုင်လို့ လိုက်ကူညီတာလို့ ဖြေတယ်။ ဆေးရုံတွေရော အလောင်းပစ်တော့ရော သူတို့ကပါတယ်။ အဲ့ဒါကျတော့ ဘယ်လိုလုပ်မလဲလို့ ပြောဖြစ်တယ်။”
ယာဉ်မောင်းနဲ့ ကားပေါ်ပါလာတဲ့ အမျိုးသား ၃ ဦးကလည်း ရုပ်အလောင်းစွန့်ပစ်ရာမှာ ကူညီမှုနဲ့ ဘုန်းကြီးမိသားစုဝင်တွေက အရေးယူနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး ဘုန်းကြီးရုပ်အလောင်း အရိုးပြာတဝက်ကို အေးရိပ်ငြိမ်သုသာန်မှာ အုတ်ဂူသွင်း သင်္ဂြိုဟ်ထားပြီး တဝက်ကို ဧရာဝတီမြစ်ထဲ အရိုးအိုးမျေှာဖို့ ပြုလုပ်နေပါတယ်။











