DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းသင့်ဒေသများသို့ အကူအညီပေးနိုင်ရေး ဒေါက်တာဝင်းမြတ်အေးနှင့် ပြင်သစ်နိုင်ငံခြားရေး တာဝန်ရှိသူများ ဆွေးနွေး
DVB
·
June 9, 2023
မိုခါမုန်တိုင်းသင့်ဒေသများသို့ အကူအညီပေးနိုင်ရေး ဒေါက်တာဝင်းမြတ်အေးနှင့် ပြင်သစ်နိုင်ငံခြားရေး တာဝန်ရှိသူများ ဆွေးနွေး
Donate to DVB

မိုခါမုန်တိုင်းသင့်ဒေသတွေကို အကူအညီပေးနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးနဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့ဟာ ပြင်သစ်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Mrs Mathilde Teruya နဲ့ အဖွဲ့ကို ပြီးခဲ့တဲ့ ဇွန် ၇ ရက်က ပါရီမြို့မှာ တွေ့ဆုံခဲ့ကြတာပါ။

ဒီတွေ့ဆုံမှုမှာတော့ မိုခါဆိုင်ကလုန်း မုန်တိုင်းဝင်ရောက်ခဲ့မှုနဲ့ နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေး ကိစ္စရပ်တွေအတွက် မြန်မာနိုင်ငံအပေါ်  ပြင်သစ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှု တွေကို ထပ်မံအတည်ပြုခဲ့ကြပြီး မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဖြန့်ဝေပေးအပ် နိုင်ရေးကိစ္စရပ်တွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို ဆိုပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်း ရိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာတော့ နေအိမ်အဆောက်အအုံတွေ၊ လယ်ယာ မြေတွေနဲ့ တိရစ္ဆာန်တွေ ထိခိုက်ပျက်စီးဆုံးရှုံးပြီးနောက် လူဦးရေ ၁ ဒသမ ၆ သန်းလောက်ဟာ အရေးပေါ် အကူအညီတွေ အပြင်းအထန် လိုအပ်နေတာပါ။

NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုး သွားမယ်လို့ ကနဦးထုတ်ပြန်ထားကာ မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှု အများ ဆုံးဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြော ထားပါတယ်။

ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာကတော့ မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူ ၁ ဒသမ ၆ သန်းကို ကူညီနိုင်ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၃၃၃ သန်း အရေးပေါ်ရန်ပုံငွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လတ်တလော ရခိုင်ပြည်နယ်ထဲမှာတော့ နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့တွေ အပါအဝင် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေ အားလုံးကို သွားလာကူညီခွင့်တွေ စစ်ကောင်စီ ဘက်က ပိတ်ပင်ထားတယ်လို့ ဒေသတွင်း ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

ရက္ခိုင့်တပ်တော် (ULA/AA) က မေလနောက်ဆုံးအပတ်မှာ ထုတ်ပြန်ထားချက်အရ ရခိုင်ပြည်နယ်မှာ မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၁၄၆ ယောက်နဲ့ ဒဏ်ရာရရှိသူ ၁၀ ယောက်၊ ပျောက်ဆုံးသူ ၃ ယောက်ရှိခဲ့ပြီး လူ ၁ ဒသမ ၂ သန်းကျော် ထိခိုက်ခဲ့ကာ အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013