DVB Logo
Home
မြန်မာသတင်း
ကိုးကန့်ဒေသတွင် MNDAA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
DVB
·
June 9, 2023
ကိုးကန့်ဒေသတွင် MNDAA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
Donate to DVB

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ MNDAA ကိုးကန့်တပ်ရဲ့ လှုပ်ရှားနယ်မြေတွေအတွင်းကို ဇွန် ၁ ရက်က စတင်ပြီး စစ်အင်အား ဖြည့်တင်းလာတာကြောင့် ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ ကိုးကန့်သတင်းဌာနက ရေးသားထုတ်ပြန်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင်မြို့မှာ အခြေစိုက်တဲ့ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေဟာ MNDAA ကိုးကန့်တပ်မဟာ ၅၁၁ လှုပ်ရှားနယ်မြေဖြစ်တဲ့ ကြာကျည်ရှု ကျေးရွာအုပ်စု ကျန်တစ်ရှမ်၊ တာခုတ်ကျည်၊ ပတ်ရှာကုတ် စတဲ့ကျေးရွာတွေဘက်ကို ဇွန် ၁ ရက်ကစတင်ပြီး အင်းအားတိုးချဲ့ ထိုးစစ်ဆင်လာတာကြောင့် ဇွန် ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ MNDAA ကိုးကန့်တပ်မဟာ ၅၁၁ နဲ့ နေရာ ၃ ခုမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် အယောက် ၂၀ သေဆုံးကာ Type 69 ဒုံး ၃ လုံး၊ စစ်သေနတ်ကျည် ၂၃၀ တောင့် အပါအဝင် စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ကိုးကန့်သတင်းဌာနက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ဟာ MNDAA ကိုးကန့်တပ်ရဲ့ လှုပ်ရှားနယ်မြေတွေ အတွင်းကို ထိုးစစ်ဆင်နေတာကြောင့် ဇွန် ၅ ရက်မှာ MNDAA ကိုးကန့်တပ်ဟာ တန်ပြန်တိုက်စစ်အနေနဲ့ စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ကုန်ညောင်ကျေးရွာကနေ စစ်ကောင်စီတပ်စခန်းတွေဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးဒေသခံတဦးက “ကိုးကန့်တပ်ဖွဲ့ဝင် အင်အား ၈၀ လောက်က ကား ၃ စီးနဲ့လာတယ်။ အဲ့ဒီထဲက အယောက် ၂၀ ဝန်းကျင်လောက်က ခြေလျှင်လျှောက်လာတယ်။ လားရှိုး ကုန်းညောင်ဆိုင်းဘုတ်နားက တံတားကို ရောက်တော့ ရပ်တယ်၊ လက်နက်ကြီး ၂ လုံးနဲ့ ထုတယ်။ ခြေလျှင်အဖွဲ့က မန်အိုင်နတ်စင်နားကနေ လက်နက်ငယ်နဲ့ပစ်တယ်။ ဘာကိုလာပစ်လဲဆိုတော့ လွယ်ဝိန်း ဘုန်းကြီးကျောင်းနဲ့ တောင်အောက်နားမှာ စစ်တပ်က စခန်းရှိတယ်။ တပ်စိတ်တစိတ် လာချထားတယ်။ အဲ့လိုပစ်ပြီး ပြန်သွားတဲ့အချိန်မှ စစ်တပ်ကရောက်လာပြီး စစ်တပ်က ရမ်းပြီး ပြန်ပစ်တာရှိတယ်။ စစ်တပ်က လွယ်ဝိန်းဘုန်းကြီးကျောင်းထဲကနေ လက်နက်ကြီးတွေ ရမ်းပစ်လို့ ကျောင်းထိုင်ဘုန်းကြီးရဲ့ ကားတောင် ပျက်သွားတယ်” လို့ ပြောပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းကို ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ဟာ လောက်ကိုင်မြို့အခြေစိုက် ဒေသဆိုင်ရာ ကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) ကနေ ဇွန် ၇ ရက်နေ့က တာရွှေထန်အခြေစိုက် ဗျူဟာဘက်ကို စစ်အင်အား ၃၀၀ ဝန်းကျင် ပို့ဆောင်ခဲ့တယ်လို့ ကိုးကန့်သတင်းအရင်းအမြစ်တွေက ဖော်ပြထားပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့ဟာ စစ်ကောင်စီတပ်နဲ့ ဇွန် ၁ ရက်ကနေ ၃ ရက်နေ့အထိ မိုင်းလားမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပေမဲ့ ဇွန် ၁ ရက်သာ တွေ့ဆုံပွဲ ဖြစ်မြောက်ခဲ့ပါတယ်။

အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ နိုင်ငံခြားရေး အထူးသံတမန် မစ္စတာကောပေါင် တက်ရောက်ခဲ့ပါတယ်။ ဒီတွေ့ဆုံမှုဟာ တရုတ်နိုင်ငံရဲ့ ဖိအားကြောင့် ဖြစ်တယ်လို့ နိုင်ငံရေးသမားတွေကို ဝေဖန်တာတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013