DVB Logo
Home
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
ကိုကိုးခွံတွေရဲ့ ရာသီဥတုဖောက်ပြန်မှုကို လျော့ပါးနိုင်စွမ်း
DVB
·
June 9, 2023
ကိုကိုးခွံတွေရဲ့ ရာသီဥတုဖောက်ပြန်မှုကို လျော့ပါးနိုင်စွမ်း
Donate to DVB

ဂျာမန်ဆိပ်ကမ်း ဟမ်းဘတ်မြို့မှာရှိတဲ့ အုတ်နီစက်ရုံမှာ ကိုကိုးခွံတွေကနေ ထွက်လာတဲ့ အနက်ရောင်အမှုန့်ဟာ ရာသီဥတုဖောက်ပြန်မှုကို ပြောင်းလဲနိုင်တဲ့ အလားအလာ ရှိတာကို တွေ့ရှိခဲ့ပါတယ်။

ဘိုင်အိုချားလို့ခေါ်တဲ့ အဆိုပါပစ္စည်းကို အောက်ဆီဂျင်မရှိတဲ့အခန်းမှာ အပူချိန် ၆၀၀ ဒီဂရီစင်တီဂရိတ် (၁,၁၁၂ ဖာရင်ဟိုက်) အပူပေးပြီး ထုတ်လုပ်နိုင်ပါတယ်။ ထုတ်လုပ်တဲ့လုပ်ငန်းစဉ်ကိုတော့ ဖန်လုံအိမ်ဓာတ်ငွေ့အတွင်းမှာ လုပ်ဆောင်ရမှာဖြစ်ပြီး နောက်ဆုံးထွက်လာတဲ့ ပစ္စည်းကိုတော့ မြေဩဇာ ဒါမှမဟုတ် အစိမ်းရောင်ကွန်ကရစ် ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။

ဘိုင်အိုချားလုပ်ငန်းစဉ်ဟာ အခုမှ စတင်ခါစဖြစ်ပေမဲ့ ဒီနည်းပညာဟာ ကမ္ဘာ့လေထုထဲက ကာဗွန်တွေကို ဖယ်ရှားဖို့ ဆန်းသစ်တဲ့နည်းလမ်း ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်းအဖွဲ့ (IPCC) ရဲ့ အဆိုအရ နှစ်စဉ် လူသားမျိုးနွယ်က ထုတ်လုပ်တဲ့ CO2 တန်ချိန် ၄၀ ဘီလီယံအနက်က ၂ ဒသမ ၆ ဘီလီယံကို ဖယ်ရှားဖို့ ဘိုင်အိုချားကို အသုံးပြုနိုင်တဲ့ အလားအလာ ရှိနေပါတယ်။ ဒါပေမဲ့ ဘိုင်အိုချားကို ချဲ့ထွင်အသုံးပြုဖို့ကလည်း စိန်ခေါ်မှုတခု ဖြစ်နေပါတယ်။

ဥရောပက အကြီးဆုံးအပင်ကနေ အသုံးပြုပြီးသား ကိုကိုးခွံတွေကို မီးခိုးရောင်ပိုက်လိုင်းတွေက တဆင့် အနီးအနားမှာရှိတဲ့ ချောကလက်စက်ရုံတွေဆီကို ပို့ဆောင်ပေးပါတယ်။

ဘိုင်အိုချားဟာ သူ့ရဲ့အခွံထဲမှာ ကာဗွန်ကို ထိန်းသိမ်းပေးထားနိုင်ပြီး ဒီဖြစ်စဉ်ကို တခြားအပင်တွေမှာလည်း အသုံးပြုနိုင်ပါတယ်။ ကိုကိုးခွံတွေကို ဘိုင်အိုချားအဖြစ် မပြုလုပ်ဘဲ ပုံမှန်အတိုင်း စွန့်ပစ်မယ်ဆိုရင် ဆွေးမြည့်သွားတဲ့အခါ သူ့ဆီက ကာဗွန်တွေကို လေထုထဲကို စွန့်ထုတ်လိုက်မှာ ဖြစ်ပါတယ်။

ဘိုင်အိုချားထဲမှာဆိုရင်တော့ ကာဗွန်တွေကို ရာစုနှစ်များစွာ ထိန်းသိမ်းထားနိုင်တဲ့အပြင် ဘိုင်အိုချား တတန်ဟာ CO2 တန်ချိန် ၂ ဒသမ ၅ တန်ကနေ ၃ တန်အထိ သိုလှောင်နိုင်တယ်လို့ ပြင်သစ်နိုင်ငံ UniLaSalle တက္ကသိုလ်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင် ဒေးဗစ် ဟွန်ဘန်းက ဆိုပါတယ်။

ဘိုင်အိုချားကို အမေရိကန် ဌာနေတိုင်းရင်းသားတွေက မြေဩဇာအဖြစ် သုံးစွဲခဲ့ကြတာကို အမေဇုန်မြစ်ဝှမ်းမှာ အလွန်အမင်း အကျိုးဖြစ်ထွန်းနေတဲ့ မြေဆီလွှာကို သုတေသနပြုနေတဲ့ သိပ္ပံပညာရှင်တွေက ၂၀ ရာစုမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အံ့ဩစရာကောင်းလောက်အောင်ပဲ ဘိုင်အိုချားရဲ့ ရေမြှုပ်ပုံသဏ္ဌာန်ဟာ ‌မြေဆီလွှာထဲက ရေနဲ့ အာဟာရဓာတ်တွေကို စုပ်ယူပြီး သီးနှံတွေကို ကြီးထွားဖွံ့ဖြိုးစေပါတယ်။

Prolysis လို့ခေါ်တဲ့ ဘိုင်အိုချားထုတ်လုပ်မှု လုပ်ငန်းစဉ်မှာ ဇီဝဓာတ်ငွေ့တမျိုးလည်း ထွက်ရှိပြီး ဒီဓာတ်ငွေ့ကိုတော့ အခြားစက်ရုံတွေကို ရောင်းချနိုင်ပါတယ်။

နှစ်စဉ် ကိုကိုးခွံတန်ချိန် ၁၀,၀၀၀ ကနေ ဘိုင်အိုချားတန်ချိန် ၃,၅၀၀ နဲ့ ဓာတ်ငွေ့ ၂၀ မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီထုတ်လုပ်မှုနည်းလမ်းဟာ IPCC က မျှော်မှန်းထားတဲ့အဆင့်ထိ ချဲ့ထွင်ဖို့ ခက်ခဲနေပါသေးတယ်။

ဘိုင်အိုချားဟာ မြေဆီလွှာအမျိုးအစား အားလုံးနဲ့တော့ ကိုက်ညီမှုမရှိဘဲ သူဟာ အပူပိုင်းရာသီဥတုရှိတဲ့ မြေဆီလွှာမှာ ပိုမိုထိရောက်မှု ရှိပါတယ်။ ဒါပေမဲ့ ဘိုင်အိုချား ထုတ်လုပ်ဖို့အတွက် ကုန်ကြမ်းကိုတော့ နေရာတိုင်းမှာ မရနိုင်ဘူးလို့ ဟွန်းဘန်းက ဆိုပါတယ်။

ဘိုင်အိုချား ကုန်ကျစရိတ်ဟာ တတန်ကို ယူရို ၁,၀၀၀ (ဒေါ်လာ ၁,၀၇၀) ဝန်းကျင် ကုန်ကျနိုင်ပြီး လယ်သမားတဦးအတွက်တော့ များပါတယ်။

ဒီလိုအသုံးဝင်တဲ့ အမည်းရောင်အမှုန့် ဘိုင်အိုချားကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ဖို့ တခြားသော အသုံးပြုနည်းတွေကိုလည်း ရှာဖွေဖို့ လိုအပ်ပါတယ်။

ဥရောပတဝန်းမှာတော့ ဘိုင်အိုချားထုတ်လုပ်မှု ပိုမိုကျယ်ပြန့်လာပြီး ဘိုင်အိုချား လုပ်ငန်းအဖွဲ့ချုပ်ရဲ့ အဆိုအရ ထုတ်လုပ်မှုဟာ ၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒီနှစ်မှာတော့ တန်ချိန် ၉၀,၀၀၀ အထိ နှစ်ဆတိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။

လီလီ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013