DVB Logo
Home
မြန်မာသတင်း
အောင်ဘာလေအွန်လိုင်းထီစနစ်စတင်၊ စစ်တပ်ပိုင် Mytel က စီးပွားဘက်အဖြစ် ပါဝင်လုပ်ကိုင်မည်
DVB
·
June 9, 2023
အောင်ဘာလေအွန်လိုင်းထီစနစ်စတင်၊ စစ်တပ်ပိုင် Mytel က စီးပွားဘက်အဖြစ် ပါဝင်လုပ်ကိုင်မည်
Donate to DVB

စစ်တပ်နဲ့ စစ်ခေါင်းဆောင်မိသားစုရဲ့ အကျိုးစီးပွားလုပ်ငန်းတခုဖြစ်တဲ့ Mytel ကုမ္ပဏီက စီးပွားဘက်အဖြစ် ပါဝင်လုပ်ကိုင်မယ့်  အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်ကို ဇွန်လ ၉ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။

အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်စတင်တဲ့  ဖွင့်ပွဲအခမ်းအနားကို မနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ကျင်းပရာမှာ  စစ်ခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့    Mytel ကုမ္ပဏီတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

အွန်လိုင်းထီစနစ်သစ်ကို Service Provider အဖြစ်တင်ဒါ အောင်မြင်ခဲ့တဲ့ Telecom International Myanmar Telecom International Myanmar Co., Ltd. (Mytel) ကုမ္ပဏီနဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနတို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်မယ်လို့ဆိုပါတယ်။

အောင်ဘာလေအွန်လိုင်းထီစနစ်ဟာ မိုဘိုင်း အပလီကေးရှင်းကနေ ထီလက်မှတ်ဝယ်ယူ ကံစမ်းတဲ့စနစ်ဖြစ်ပြီး ထီဆုငွေထုတ်ပေးရာမှာလည်း အီလက်ထရောနစ် ငွေပေးချေစနစ်ကို အသုံးပြုပြီး ပြန်ထုတ်ပေးသွားမယ်လို့  ပြည်တွင်းအခွန်များဦးစီးဌာနကနေ သိရပါတယ်။

ထီဝါသနာရှင်တစ်ဦးက “ထီက မထိုးဖြစ်တော့ဘူး။ ကြာလှပြီ။ အာဏာသိမ်းပြီးကတည်းက မထိုးဖြစ်တော့တာ။ အရင်ကတော့ လတိုင်းထိုးတာပေါ့။ အခုဆုကြေးတွေကလည်း အရင်လို မဟုတ်တော့ဘူးလေ ထိုးချင်စရာလည်း မကောင်းတော့ဘူး ”လို့ ပြောပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် အောင်ဘာလေထီလုပ်ငန်းကနေ စစ်တပ်ကို အခွန်ငွေ မရောက် အောင်ဆိုပြီး ထီမထိုးတဲ့လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြလို့ လက်ရှိမှာ အောင်ဘာလေ ထီရောင်းအားက မရှိသလောက် လျော့နည်းနေပါတယ်။

စစ်ကောင်စီ ပြည်တွင်းအခွန်များဉီးစီးဌာနကတော့ လက်ရှိကျင့်သုံးနေတဲ့ ထီလက်မှတ်ဖြန့်ဖြူးရောင်းချတဲ့ ထီစနစ်အပြင် အွန်လိုင်းထီစနစ်ကိုပါ ကျင့်သုံးသွားမယ်လို့  ထုတ်ပြန်ထားတာပါ။

အာဏာမသိမ်းခင် အရပ်သားအစိုးရက ဆုကြေးငွေ ကျပ်သိန်းပေါင်း တစ်သောင်းခွဲ အထိလစဉ် ဖွင့်လှစ်ပေးနိုင်ခဲ့တဲ့ အောင်ဘာလေထီဟာ အာဏာသိမ်းပြီးနောက်မှာ အမြင့်ဆုံးဆု ကျပ်သိန်း ငါးထောင်သာ ချီးမြှင့်နိုင်ပါတယ်။

စစ်ကောင်စီဟာ အရင်လို ထီရောင်းအား ပြန်တက်လာအောင် နည်းလမ်းတွေ ရှာဖွေနေတာဖြစ်ပြီး စစ်ခေါင်းဆောင်ကတော့ “လက်ရှိအောင်ဘာလေ သိန်းဆုထီလက်မှတ်တွေကို ပုံနှိပ်ရောင်းချတဲ့ စနစ်အပြင် ပြောင်းလဲတိုးတက်လာတဲ့ ခေတ်စနစ်နဲ့အညီ လိုက်လျောညီထွေ မှုရှိစေဖို့ ထီကံစမ်းသူမိဘပြည်သူတွေ သတ်မှတ်ဈေးနှုန်းနဲ့ လွယ်ကူစွာ ထီကံစမ်း နိုင်ဖို့ အောင်ဘာလေအွန်လိုင်း သိန်းဆုထီစနစ်ကို အကောင်အထည်ဖော်ဖို့ ဆောင်ရွက်ခဲ့တာလို့ ဖွင့်ပွဲ အခမ်းအနားမှာပြောပါတယ်။

လက်ရှိရောင်းချနေတဲ့ အောင်ဘာလေသိန်းဆုထီ လက်မှတ်စနစ်ရဲ့ အားနည်းချက်တွေအပေါ် ပြည်သူလူထုက ဝေဖန်နေကြပြီး အထူးသဖြင့် ထီလက်မှတ်ဈေးနှုန်းက သတ်မှတ်ဈေးနှုန်းထက် ထီဆိုင်တွေထံကနေ ဈေးကြီးပြီး ဝယ်ယူကံစမ်းရနေကြတဲ့အပေါ် ဖြေရှင်းဆောင်ရွက်ကပေးဖို့ တောင်းဆိုမှုတွေရှိနေတယ်လို့လည်း ဆိုပါတယ်။

အခုစတင်တဲ့ အွန်လိုင်းထီစနစ်သစ်စာ ဖွင့်ပွဲကျင်းပချိန်မှာ ထီတိုက်ဖို့မလိုဘဲ ကံထူးသူတွေထံ မိုဘိုင်းတယ်လီဖုန်းကနေ SMS ပေးပို့ အကြောင်းကြားမှာဖြစ်ပြီး ထီဆုငွေထုတ်ယူရာမှာလည်း ပမာဏနည်းတဲ့ ဆုကြေးတွေကို အွန်လိုင်းမှလွှဲပြောင်းပေးတာ၊ ထီကံထူးသူတွေရဲ့ ဘဏ်ငွေစာရင်းအကောင့်ကို ပေးပို့တာတွေကို   အီလက်ထရောနစ် နည်းလမ်းနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

E- Lottery စနစ်ကို အရင် အန်အယ်လ်ဒီ အစိုးရလက်ထက်မှာလည်း အကောင်အထည်ဖော်နိုင်ဖို့  လွှတ်တော်မှာ ဆွေးနွေးဖို့ စီစဉ်နေကြစဉ် စစ်တပ်က တရားမဝင် အာဏာသိမ်းယူခဲ့တာဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကလည်း “အောင်လံလွှင့်ချီ နွေဦးထီ” အမည်နဲ့ အွန်လိုင်း ထီစနစ်တခု အကောင်အထည်ဖော်ခဲ့ဖူးပါတယ်။ 

Photo-DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013