
ကျပ်သိန်း ၂,ဝဝဝ ဆု အပါအဝင် ဆုမဲ ၂၂,၅ဝဝ ကျော် ထုတ်ယူဖို့ ပျက်ကွက်နေပြီး နို၀င်ဘာလကုန်အထိ လာမထုတ်ရင် အခွန်ဘဏ္ဍာအဖြစ် သိမ်းမယ်လို့ စစ်အာဏာရှင် လက်အောက်ခံ အောင်ဘာလေသိန်းဆုဌာနက နို၀င်ဘာ ၁ ရက်မှာ ကြေညာပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ၈၁ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ ဆုမဲပေါင်း ၁ သိန်း ၆ သောင်းကျော် ခွဲဝေခဲ့ရာမှာ ဆုမဲ ၂၂,၅၂၃ ဆုကို ထုတ်ယူသူ မရှိသေးတာလို့ ဆိုပါတယ်။
ထုတ်ယူသူမရှိသေးတဲ့ ဆုတွေမှာ ကျပ် သိန်း ၂,၀၀၀ ၁ ဆု၊ သိန်း ၅၀၀ ၁ ဆု၊ ကျပ်သိန်း ၁၀ဝ သုံးဆု၊ ကျပ်သိန်း ၅ဝ သုံးဆု၊ ကျပ် ၂ဝ သိန်း ခြောက်ဆု၊ ကျပ် ၁၀ သိန်း ၇ ဆု၊ ကျပ် ၃ သိန်း ၄ ဆု၊ ကျပ် ၂ သိန်း ၁၅၆ ဆု၊ ကျပ် ၁ သိန်း ၉၅၆ ဆု၊ ကျပ် ၅ သောင်းဆု ၅,၈၇၈ ဆု၊ ကျပ် ၁ သောင်းဆု ၁၅,၅၀၈ ဆုတို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီဆုမဲတွေကို ရန်ကုန်နဲ့ မန္တလေးက အောင်ဘာလေသိန်းဆုဌာနခွဲရုံးကို လာပြီး တင်ပြထုတ်ယူလို့ ရကာ အောက်တိုဘာလကုန်အထိ တင်ပြထုတ်ယူတာ မရှိရင် အခွန်ဘဏ္ဍာအဖြစ် သိမ်းမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် နို၀င်ဘာလက ၈၀ ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ ဆုမဲပေါင်း ၁ သိန်း ၆ သောင်းကျော် ခွဲဝေခဲ့ရာမှာ ကျပ်သိန်း ၁,ဝဝဝ ဆု အပါအဝင် ဆုမဲ ၂၄,၄ဝဝ ကျော် ထုတ်ယူဖို့ ပျက်ကွက်ခဲ့တယ်လို့ စစ်အာဏာရှင်လက်အောက်ခံသတင်းစာက အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
စစ်တပ်အာဏာမသိမ်းခင် NLD အစိုးရလက်ထက်က အခုလို ဆုမဲထုတ်ယူဖို့ ပျက်ကွက်တဲ့ ဆုငွေတွေကို ဘဏ္ဍာငွေအနေနဲ့ အကုန်သိမ်းယူတာမရှိဘဲ နောက်ထီဖွင့်ပွဲမှာ အပိုဆုအဖြစ် ထပ်တိုးပေးခဲ့တာလို့ ထီလုပ်ငန်းနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
အဲဒီအချိန်က အမြင့်ဆုံးဆုအဖြစ် ကျပ်သိန်း ၁၅,၀၀၀ ပေးနိုင်ခဲ့ပေမဲ့ အာဏာသိမ်းပြီး ပြည်သူအများစုက အောင်ဘာလေထီ ထိုးတာကို ရပ်ဆိုင်းခဲ့တာကြောင့် ထီရောင်းအား ကျဆင်းခဲ့ကာ အမြင့်ဆုံးဆုကို ကျပ် ၅,၀၀၀ သာ ပေးနိုင်တော့တာလို့ ဆိုပါတယ်။
Photo: DVB











