
စစ်အာဏာရှင်လက်အောက်ခံ အောင်ဘာလေထီလုပ်ငန်းက အောက်တိုဘာလမှာ ထီအက္ခရာတလုံး ထပ်တိုးသလို လာမဲ့လမှာလည်း အက္ခရာ တလုံးထပ်တိုးမှာဖြစ်ပြီး လက်ကျန်ထီတွေကို လုပ်ငန်းရှင်တွေဆီ အတင်းခွဲဝေရောင်းချတာကြောင့် ထီလုပ်ငန်းရှင်တွေ အရှုံးပေါ်လာတယ်လို့ လုပ်ငန်းရှင်တွေဆီက စုံစမ်းသိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ထီလုပ်ငန်းတွေ ရပ်နားသွားရပြီး ဂဏန်း ၇ လုံးနဲ့ အသစ်ပြန်လည်စတင်တဲ့ အောင်ဘာလေထီကနေ အောက်တိုဘာလမှာ “ပ”အက္ခရာ တလုံးထပ်တိုးပြီး လာမဲ့ နိုဝင်ဘာလမှာ “ဖ” အက္ခရာတလုံး ထပ်တိုးမှာကြောင့် အက္ခရာစဉ် ၂၁ ခု အထိ ရှိလာတော့မယ်လို့ ဆိုပါတယ်။
ထီလုပ်ငန်းရှင်တယောက်က “အရင်တုန်းက ထီအက္ခရာက “က” ကနေ “အ” အထိရှိသလို အက္ခရာပူးတွေအထိ ထုတ်ရောင်းချခဲ့ရတာ။ အခု စစ်တပ်က အာဏာသိမ်းတော့ ထီလုပ်ငန်းတွေ ရပ်နားတဲ့အထိ ဖြစ်သွားတယ်။ နောက်မှ အက္ခရာ ၇ လုံးနဲ့ အသစ်က ပြန်စလာတော့ အခုအက္ခရာ ၂၁ လုံးအထိ ရောက်လာတာပေါ့။ ထီအစောင်ရေများ လာတော့ ထီက မရောင်းရတဲ့လဆို ထီကျန်တွေ များပြီး ရှုံးတာပဲ”လို့ DVB ကိုပြောပါတယ်။
စစ်တပ်ဟာ ဆုငွေပမာဏကို မတိုးသလို ထီဆိုင်တွေကို ကြိုတင်ငွေပေးခိုင်းပြီး ထီထုတ်ယူခိုင်းတာတွေနဲ့ အောင်ဘာလေမှာ ကျန်နေတဲ့ လက်ကျန်ထီကိုလည်း ထီလုပ်ငန်းရှင်တွေကို အတင်းအဓမ္မယူခိုင်းတာတွေကြောင့် ထီလုပ်ငန်းရှင်တွေဟာ ၃ လအတွင်း သိန်း ၁၀၀၀ နီးပါးအထိ အရှုံးပေါ်လာကြတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့က ထီဆိုင်ကြီးတဆိုင်ရဲ့ လုပ်ငန်းရှင်က “အမြင့်ဆုံးဆုကိုကျ သိန်း ၅,၀၀၀ တဆုပဲ သတ်မှတ်ထားတာ။ ဆုတွေအားလုံးကိုလည်း ထီတစောင်တည်းကပဲ ပေါက်ရမှာ။ ထိုင်းထီတွေလို ဘတ် ၆ သန်းကို ၁၂ စောင်လိုမျိုး ခွဲထားတာမဟုတ်ဘူး။ ကြိုတင်ငွေပေးပြီး ထီသွားမထုတ်ရင်လည်း ရှုံးရတယ်။ သူတို့လက်ကျန်ထီတွေရှိနေရင်လည်း ယူပေးရတယ်။ ဆိုတော့ သူတို့ကတော့ သူတို့အလုပ်ကို လုပ်နေကြတာပဲ” လို့ ပြောပါတယ်။
စစ်တပ်ဟာ အာဏာသိမ်းပြီးနောက် ပေါက်မဲဆုငွေကို လျော့လိုက်တာကြောင့် အမြင့်ဆုံးဆုအဖြစ် သိန်း ၅,၀၀၀ တဆု၊ သိန်း ၃,၀၀၀ ကို ၂ ဆု၊ သိန်း ၂,၀၀၀ ကို ၃ ဆု၊ သိန်း ၁,၀၀၀ ကို ၆ ဆု၊ သိန်း ၅၀၀ ကို ၁၇ ဆုနဲ့ သိန်း ၂၀၀ ကို ၁၇ ဆုအပြင် အခြားဆုသေးတွေ သတ်မှတ်ထားတယ်လို့ သိရပါတယ်။
ထီဆိုင်ကြီးတွေဟာ စစ်တပ်ရဲ့ အောင်ဘာလေထီလုပ်ငန်းကနေ တစောင်ကို ငွေကျပ် ၉၁၀ နဲ့ ထုတ်ယူနေရပြီး လက်ကျန်ထီတွေများလို့ ဆိုင်သေးတွေကို ပြန်လည်ရောင်းချတာမှာတော့ တစောင် ၈၇၀၊ ၉၀၀ ကျပ်ဝန်းကျင်နဲ့ ရောင်းချကြရလို့ အရှုံးပေါ် လာတယ်လို့ ဆိုပါတယ်။
အဲဒီလိုရောင်းချပေးတာတောင် ပြီးခဲ့တဲ့လက ထီဆိုင်ကြီးမှာ ကျပ်သိန်း ၁,၀၀၀ ဖိုးဝန်းကျင်အထိ ထီကျန်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။
လက်လီထီဆိုင်ပိုင်ရှင်တယောက်က “ထီဆိုင်ကြီးတွေဆီကနေ ၉၀၀ ကျပ်ဝန်းကျင်ဝယ်တာပေါ့။ လက္ကားရောင်းတဲ့ ဈေးပေါ့။ လက်လီတွေက အပြင်မှာလက်လီ ၁,၂၀၀ ကျပ်လောက်နဲ့ရောင်းတာ။ ပြီးခဲ့တဲ့လကလည်း ထီဆိုင် အသေးတွေမှာ ထီကျန်တော့ ရှုံးတာပေါ့။ အခု အက္ခရာထပ်တိုးပြီးများလာတော့ ထီမကုန်ရင် ထပ်ရှုံးကြဦးမှာပဲ” လို့ ပြောပါတယ်။
ထီဆိုင်တွေကတော့ စစ်တပ်အနေနဲ့ ငွေကြေးအမြတ်ထုတ်ယူတာမလုပ်သင့်ဘဲ အက္ခရာတိုးထုတ်လိုရင် ဆုငွေကိုလည်း တိုးပေးသင့်တယ်လို့ အကြံပြုကြပါတယ်။











