
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းကျေးရွာမှာ စစ်သားနဲ့ရဲ ပူးပေါင်းအင်အား ၇၀ လောက် တပ်စွဲထားတဲ့ နယ်မြေခံရဲစခန်းကို ဇွန် ၈ ရက် ညနေ ၄ နာရီကျော်လောက် ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
“ကျနော်တို့ မြေပြင်စောင့်ကြည့်ပြီးမှ အခုလို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာဗျ။ ဒရုန်းက ၇ စီး အသုံးပြုခဲ့တယ်။ ချတဲ့ အီနာဂါဗုံးက ၁၄ လုံးအသုံးပြုခဲ့တယ်။ ချတဲ့ဗုံးသီးအားလုံး ရဲစခန်းထဲ အကုန်ကျတယ်ဗျ။ ပထမအလုံးတွေချတဲ့အခါ သူတို့ဘက်က ၄၀ မမတွေ၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာတွေရှိတယ်ဗျ။ ကျနော်တို့ကလည်း သူတို့ပုန်းတဲ့နေရာမှန်သမျှကို ဗုံးသီးချတိုက်ခိုက်ခဲ့တာပါ။ ၇ ဦး သေးဆုံးတယ်လို့ သတင်းအတိအကျရထားတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူး။ မိုးရွာလို့ ရွှံ့တောထဲ တမိုင်လောက် ဖြတ်ရုန်းသွားခဲ့ရတာပဲ ရှိတယ်” လို့ ကျောက်ဆည်ခရိုင် တပ်ရင်း ၁ နဂါးနီတပ်ရင်းရဲ့ ဒုတပ်ရင်မှူး ဆရာလေးက ပြောပါတယ်။
တိုက်ခိုက်ခံရတာကြောင့် ထိခိုက်ကျဆုံးအခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိသေးသလို ဒီဗွီဘီအနေနဲ့လည်း သီးခြားအတည်ပြုချက်ရယူဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
အခုတိုက်ခိုက်မှုကို မြင်ခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁ နဂါးနီတပ်ရင်း၊ ရွှေဘိုခရိုင်တပ်ရင်း ၁၅ နဲ့ ဆာတောင်မိုးကြိုး LPDF၊ အောင်သပြေညီနောင် LPDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။











