DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းသင့် တိမ်ညိုစစ်ရှောင်စခန်း အမိုးအကာနှင့် စားနပ်ရိက္ခာ အရေးတကြီးလိုအပ်
DVB
·
June 8, 2023
မိုခါမုန်တိုင်းသင့် တိမ်ညိုစစ်ရှောင်စခန်း အမိုးအကာနှင့် စားနပ်ရိက္ခာ အရေးတကြီးလိုအပ်
Donate to DVB

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ  စစ်ရှောင်တွေအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အရေးတကြီး လိုအပ်နေတယ်လို့ စခန်းတာဝန်ရှိသူက ပြောပါတယ်။

တိမ်ညိုစစ်ဘေးရှောင်စခန်းဟာ မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့  အင်အားအလွန်ပြင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စခန်းရှိ အိမ်ခြေပေါင်း ၇၇၃ လုံးအနက် အားလုံးနီးပါး ပျက်စီးသွားခဲ့တာဖြစ်ပြီး အကူအညီ အလုံအလောက်မရရှိဘဲဖြစ်နေတာပါ။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)က စခန်းရှိ အိမ်ခြေ ၂၃၀ အတွက် တာပေါ်လင် အပါအဝင် လူသုံးကုန်ပစ္စည်း ၁၂ မျိုးပါတဲ့ အကူအညီတွေ ပေးခဲ့ပေမဲ့ ကျန်သူတွေအတွက် အခက်ခဲဖြစ်နေတာလို့ စခန်းတာဝန်ရှိသူ ဦးကျော်မြင့်က ပြောပါတယ်။

“ပေးတာက တဖွဲ့ပဲရှိတယ်။ အဲဒါ ICRC ကပဲ။ ၂၂၉ ဆောင်၊ ၂၃၀ လောက်ပေးတယ်။ သူတို့က တာပေါ်လင်ရယ်၊ နောက်ဖေးတွေ၊ ရေထည့်တဲ့ဘူးတွေရယ်၊ ဆပ်ပြာတွေ ပစ္စည်း ၁၂ မျိုးပေးတယ်။ အိမ်ထောင်စုက ၇၇၃ ရှိတဲ့နေရာမှာ သူက ၂၃၀ အတွက်ပဲ သူတို့က ပေးတာရှိသေးတယ်။ ကျန်တဲ့ အိမ်ထောင်စုတွေကတော့ ပေးတာမရှိသေးတဲ့အတွက် ခေါင်းမိုးတွေ ပြုပြင်ဖို့ ကိုယ့်ဟာကို အားစိုက်ပြီး လုပ်နေရတာပေါ့။ အခုချိန် မိုးရာသီရောက်နေပြီဆိုတော့ မလုပ်ဘဲနေလို့မရတော့ဘူး။ မိသားစု မိုးစိုမှာကို စိုးရိမ်တဲ့အတွက် တတ်နိုင်သမျှကို အားစိုက်ပြီး ကိုယ့်ဟာကိုယ်လုပ်နေရတာပေါ့။” 

တိမ်ညိုစစ်ရှောင်စခန်းမှာ  အိမ်ထောင်စု ၇၇၃ စု၊ လူဦးရေ ၂၈၆၅ ဦးရှိပြီး လက်ရှိမှာ အလှူရှင်တွေ လာရောက် လှူဒါန်းမှု အလွန်နည်းပါးတဲ့အတွက်  စစ်ဘေးရှောင်တွေ  အခက်အခဲများစွာနဲ့  ရင်ဆိုင်နေကြရတာပါ။

အရင်က စစ်ဘေးရှောင်တွေကို ICRC အဖွဲ့ကအဓိက ကူညီထောက်ပံ့ခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက စတင်ကာ ICRC ရဲ့ တာဝန်တွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က လွှဲပြောင်းရယူပြီး ကူညီထောက်ပံ့ ပေးနေတာဖြစ်ပါတယ်။

ဒါကြောင့် အရင်လို သောက်သုံးရေ၊ ဆန်၊ အမိုးအကာစတဲ့ ကူညီထောက်ပံ့မှုတွေ မရရှိတော့ဘဲ WFP က ပေးတဲ့ ငွေကျပ် ၂၅၀၀၀ နဲ့ သာ  ရုန်းကန်ရပ်တည်နေကြရတာဖြစ်ပြီး မိုခါမုန်တိုင်ဒဏ်ခံလိုက်ရတဲ့အတွက် ပိုပြီး ခက်ခဲနေကြရတာလို့ စစ်ရှောင်တွေက ပြောပါတယ်။

အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အရေးတကြီးလိုအပ်နေတဲ့  စစ်ဘေးရှောင်တွေအတွက် ပြည်တွင်း၊ ပြည်ပရှိအလှူရှင်တွေအနေနဲ့ ဝိုင်းဝန်ကူညီပေးဖို့ စခန်းတွင်းမှာရှိတဲ့ ကျောင်းဆောင်တွေ ပြုပြင်ဖို့လည်း  စခန်းတာဝန်ရှိသူက တိုက်တွန်း ပြောထားပါတယ်။

“နောက်တခု အရေးတကြီး လိုအပ်တဲ့ဟာ ပြောရမယ်ဆိုရင် ကျနော်တို့ ဒီ အိုင်ဒီပီထဲမှာ မူလတန်းကျောင်းဆောင်တခုရှိတယ်။ ၃၅ ပေ၊ ၉၀ ၊ အဲဒါ ကျောင်းဆောင်တခုရှိတယ်။ အဲဒီမှာ စစ်ဘေးရှောင်တွေအနေနဲ့ နှစ်တိုင်းဆိုရင် ဒီရာသီဆိုရင် ကျောင်းတက်နေကြပြီပေါ့။ အခုက တက်မယ့် ကျောင်းဆောင်ကလည်း ပျက်စီးသွားတဲ့အတွက် အလှူရှင်လည်းမရှိတဲ့အတွက် ကလေးတွေက ကျောင်းမတက်ရဖြစ်နေတယ်။ အဲဒါ ဖြစ်နိုင်မယ်ဆိုရင် ဘယ်အဖွဲ့အစည်းမဆို၊ အစိုးရအဖွဲ့အစည်းဖြစ်ဖြစ်၊ လှူမယ့်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဒီကျောင်းဆောင်ကို မကြာခင်မှာ ကလေးတွေလည်း ကျောင်းတက်ဖြစ်အောင် ကူညီပေးစေချင်ပါတယ်။”

တိမ်ညိုစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ရဲ့ တိုက်ပွဲ ပြင်းထန်နေချိန် ၂၀၁၉ ခုနှစ်အတွင်းက  စတင်တည်ဆောက်ထားထားတာဖြစ်ပြီး ဝေသာလီ၊ အောက်သကန်၊ ဘူးရွက်မညိုး၊ ပေါက်ပြင်ကွင်း၊ ခူလှိုင်၊ ပြိုင်းတောင်၊ လက်က္ကာ၊ နှမဒါစတဲ့ ကျေးရွာတွေက ဒေသခံတွေ ခိုလှုံနေကြတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013