DVB Logo
Home
မြန်မာသတင်း
မဲဆောက်မြို့ကို ခိုလှုံလာသည့် မြန်မာဒုက္ခသည်များ စားဝတ်နေရေးခက်ခဲ
DVB
·
June 8, 2023
မဲဆောက်မြို့ကို ခိုလှုံလာသည့် မြန်မာဒုက္ခသည်များ စားဝတ်နေရေးခက်ခဲ
1 / 2
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ဘက် ထွက်ပြေး တိမ်းရှောင်လာကြတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ စစ်ဘေးရှောင်တွေ စားဝတ်နေရေး အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။ 

မြန်မာပြည်တွင်းမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ် ဖမ်းဆီးထောင်ချမှုတွေနဲ့  တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသူတွေဟာ အချိန်ကြာလာတာနဲ့အမျှ လက်ရှိ ကူညီထောက်ပံ့မှုတွေ လျော့နည်းလာတဲ့အတွက် စားဝတ်နေရေး အခက်အခဲဖြစ်နေတာလို့ တိမ်းရှောင်လာသူတွေက‌ ပြောပါတယ်။

အရင်က လူသားချင်းစာနာထောက်ထားမှုအကူအညီတွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ဒုက္ခသည်တွေကို ထောက်ပံ့ပေးပေမဲ့ အခုအချိန်မှာတော့ ထောက်ပံ့မှုတွေ လျော့နည်းသွားတာကြောင့် အခက်အခဲကြုံနေကြတာလို့ မဲဆောက်မြို့က ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ Overseas Irrawady Association - OIA ရဲ့ အတွင်းရေးမှူး ဖိုးသင်္ကြန်က ဒီဗွီဘီကို ပြောပါတယ်။

“အခုလက်ရှိ အနေအထားမှာတော့ ပြောရရင် တကယ်စိတ်မကောင်းစရာပါပဲ။ ကျနော်တို့ တော်လှန်ရေးက ဘယ်ရွေ့ဘယ်မျှကြာဦးမယ် မသိဘူး၊ ထောက်ပံ့မှုတွေ အဓိကပေးတဲ့ အလှူရှင်တွေအနေနဲ့ကလည်း သူတို့က အရေးပေါ်အကူအညီဆိုပြီး ပေးခဲ့တာပါ။ ဆိုတော့ အရေးတော်ပုံတခုဖြစ်လာရင် စစပိုင်း လေး ငါး ခြောက်လ တနှစ်အထိက ကျနော်တို့လည်း ရသလို စီစဥ်ပေးနိုင်ပါတယ်။ အခုက ၂ နှစ်ခွဲ ၃ နှစ် ဖြစ်လာတော့ သူတို့ (အလှူရှင်) တွေကလည်း မပေးနိုင်ကြတော့ဘူး။ ရာခိုင်နှုန်းနဲ့ဆိုရင် ၁၅ ရာနှုန်းလောက်ပဲဆိုတော့ ၈၅ ရာခိုင်နှုန်းလောက်အထိကို ပြုတ်ကျသွားတယ် ဆိုရမယ်။ ထောက်ပံ့မှုဆိုရင် ထပ်ဝက် ၂၅၀ ဘတ်ပဲ ပေးနိုင်ပါတော့တယ်။ ဒါတောင် လူတိုင်း မရတော့ဘူး၊ သူတို့ (အလှူရှင်)ဘက်က ရွေးပေးတဲ့ သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်တွေလောက်ပဲ ရတယ်၊ ဒီနှစ်လ အတွင်းမှာပေါ့ဗျာ။ ကျနော်တို့လည်း အမြန်ဆုံး ပြန်ပေးနိုင်အောင် ကြိုးစားနေပါတယ်၊ အားတင်းထားကြပါလို့ပဲ ပြောနိုင်ပါတော့တယ်။”

ကျနော်တို့ အရင်တုန်းက အစီအစဥ်နှစ်ခုနဲ့ ထောက်ပံ့ခဲ့ပါတယ်။ နယ်စပ်စည်းမျဥ်းပေါ်မှာရှိနေတဲ့ တတ်ကြွလှုပ်ရှားသူတွေနဲ့ မဲဆောက်မြို့ထဲကို ရောက်ရှိလာတဲ့ refugee ဆိုပြီးပေါ့ဗျာ။ အဲဒီထဲက ဒီဘက် မဲဆောက်မြို့ကို ရောက်ရှိလာတဲ့သူတွေကို ဘတ် ၅၀၀ တန်ဖိုးနဲ့ညီမျှတဲ့ အခြေခံစားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆား၊ ပဲ စတဲ့ပစ္စည်းတွေကို အလှူရှင်တွေကတဆင့် ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

မဲဆောက်မြို့ရောက် ဒုက္ခသည်တွေဟာ အပြင်ထွက်ပြီး အလုပ်လုပ်ကိုင်လို့ မရတဲ့အပြင် အဖမ်းအဆီးမခံရအောင် နေထိုင်ဖို့အတွက် ရဲကတ်လုပ်ထားကြရကြောင်း၊ ရဲအပြင် တခြား ထိုင်းအာဏာပိုင်အဖွဲ့အစည်းတွေ စစ်ဆေးဖမ်းဆီးပါက ငွေညှစ်ခံရတယ်လို့ ဒုက္ခသည်တဦးက ပြောပါတယ်။

“ဒီမှာ ကျနော်တို့က တရားမဝင်နိုင်ငံသားတွေဆိုတော့ အလုပ်လုပ်ကိုင်ခွင့် မရကြဘူး။ ထိုင်းသူဌေးတွေကလည်း အလုပ်မပေးကြဘူး၊ အထောက်အထားမရှိတာ တကြောင်းပေါ့။ အထောက်အထားလုပ်ဖို့ဆိုရင် အနည်းဆုံး ဘတ် ၈,၅၀၀ ကနေ ဘတ် ၂၀,၀၀၀ ပတ်ဝန်းကျင်အထိ ကုန်တယ်။ ကျနော်တို့ refugee အနေနဲ့ ဘယ်လိုမှမပေးနိုင်တဲ့ ငွေအမောင့်ပါ၊ အဲ့တော့ ရဲကတ်လုပ်ရတယ်။ ကျနော်ဆို အမျိုးသမီးနဲ့ဆိုတော့ ရဲကတ် တလ ၆၀၀ ဘတ်နဲ့ ကိုယ်ဝန်ဆောင်အတွက် M Fund ၃၀၀ ဘတ် တလ အသားတင် ၉၀၀ ဘတ်ပါ။ စားစရိတ် ဘာညာ နဲ့ဆို အခုနောက်ပိုင်း တော်တော်ခက်ခဲလာကြတယ်။ ရဲကတ်လုပ်တာတောင်မှ တခါတခါ ရဲစကားပြန် မြန်မာတွေနဲ့တိုးရင် ငွေညှစ်ခံရတယ်။" 

လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေတွေကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ထွက်ပြေးတိမ်းရှောင်လာသူ ၇ သောင်းလောက် ရှိလာပြီး ပန်းရန်၊ ကြံခုတ်၊ သန့်ရှင်းရေး စတဲ့ အလုပ်ကြမ်းတွေ တရားမဝင် လုပ်ကိုင်နေကြရတာကြောင့် ကုလသမဂ္ဂနဲ့ ထိုင်းအစိုးရအနေနဲ့လည်း အကူအညီပေးစေလိုတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013