
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ရေကန်စုကျေးရွာကို စစ်ကောင်စီတပ်က ဇွန် ၇ ရက် မနက်အစောပိုင်း ၄ နာရီလောက်က ပစ်ခတ်ဝင်ရောက်လာပြီးနောက် ရွာသား လူငယ် ၃ ယောက်ကို ဓားနဲ့မွှန်းပြီး သတ်သွားခဲ့တယ်လို့ ဒေသခံ ရွာသားတွေဆီကနေ သိရပါတယ်။
အဆိုပါ စစ်ကောင်စီတပ်ဟာ မုံရွာမြို့ အကျဉ်းထောင်အသစ် တည်ရှိရာ သာစည်ကျေးရွာကနေ အင်အား ၉၂ ယောက်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံရွာသူတဦးက “မနက်အစောပိုင်း အိပ်ကောင်းတဲ့ ၄ နာရီလောက် ရွာထဲကို ပစ်ဝင်လာတာ။ အကုန်ပြေးသူကပြေး၊ မိသူကမိပေါ့ဗျာ။ ဘာသတင်းရလို့လဲတော့ မသိဘူး၊ အခုလို ရွာထဲဝင်တာက။ တိုက်ပွဲလည်း မဖြစ်ပါဘူး။ အခုလည်း သူတို့ထွက်သွားပြီး ရွာထဲဝင်ကြည့်တာ ၁၆ နှစ်၊ ၁၇ နှစ်အရွယ် ကလေး ၃ ဦးကို ဓားတွေနဲ့မွှမ်း သတ်ထားခဲ့ကြတယ်။ အမျိုးသားက ၂ ယောက်၊ အမျိုးသမီးက ၁ ယောက်ပါ။ ဘာကြောင့်သတ်တယ်တော့ မသိဘူး။ ကိုယ်တွေအမြင်ကတော့ ဒီရွာက ကလေးတွေပဲ။ ရိုးရိုးသားသား တောင်သူလုပ်နေကြတာပဲ မြင်တယ်။ ကောင်မလေးကတော့ မခင်ရတနာဦးပါ။ ရွာကလူငယ်တွေဆိုရင် မောင်နီ၊ ငအဲအဲလို့ ခေါ်ကြတာဆိုတော့ ကျန်ကောင်လေး ၂ ဦးကတော့ အမည်အရင်း မသိဘူး” လို့ ပြောပါတယ်။
ရေကန်စုရွာကို ဝင်ရောက်တဲ့ စစ်ကောင်စီတပ်ဟာ လူငယ်သုံးဦးကို သတ်ဖြတ်ပြီး ဆိုင်ကယ်တစီးနဲ့အတူ ရွာအတွင်းမှာ မီးရှို့ထားခဲ့ပြီး ရေကန်စုရွာက ကျောက်စစ်ပုံ အမြောက်တပ်ကို တဖွဲ့ ဝင်ရောက်သွားသလို ကျန်တဖွဲ့ကတော့ ဗူးတောင်းကန်ကျေးရွာအနီး တပ်ဖျောက်နေတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။










