ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့ထဲက ပြည်သူတွေဟာ မေလလောက်ကစပြီး စစ်ကောင်စီတပ်ရဲ့ အကြောင်းပြချက်မရှိ ပစ္စည်းသိမ်းတာတွေ၊ ကားသိမ်းတာတွေကို ခံနေရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ရိက္ခာတွေ၊ လက်နက်ခဲယမ်းတွေကို ကိုယ်တိုင်မပို့ရဲလို့ ပြည်သူတွေကို ခြိမ်းခြောက်ပြီး အတင်းပို့ဆောင်ခိုင်းတာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “မြို့ထဲမှာ ကုန်တွေဝယ်ထားတဲ့ကားတွေတွေ့ရင် ရှောင်တခင်ဝင်ဖမ်းပြီး လိုင်စင်မဲ့ကား စစ်သလိုနဲ့ ကုန်တင်ထားတဲ့ကားတွေ ဖမ်းတာဗျ။ ဖမ်းပြီးရင် သူတို့ရဲ့ပစ္စည်းတွေကော သိမ်းထားတဲ့ပစ္စည်းတွေကော ပို့ခိုင်းတာတွေရှိတယ်။ ပို့ပေးရင် ကားပြန်ယူလို့ ပြောတာ။ မပို့ဘဲ ကားပါ အဆုံးခံရသူတွေကော ပို့ပေးတဲ့သူတွေကော ရှိတယ်” လို့ ပြောပါတယ်။
ကုန်ဝယ်ပြီး ပြန်ရောင်းကြသူတွေဟာ စစ်ကောင်စီကိုကြောက်လို့ ကုန်တွေအများကြီး မဝယ်ရဲတော့ဘဲ နည်းနည်းလေးပဲ ဝယ်နေရပြီး အလားတူဖြစ်စဥ်မျိုး လေးငါးခါမက ရှိနေပြီလို့ သိရပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ ကုန်ဝယ်ကားတွေကို အကြောင်းပြချက်မရှိ ဖမ်းဆီးပြီး သိန်း ၄၀၊ ၅၀ နဲ့ ပြန်ရွေးခိုင်းတာတွေလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။