DVB Logo
Home
မြန်မာသတင်း
မအူပင်တွင် နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်၊ မအူပင်တက္ကသိုလ်ဘွဲ့နှင်းသဘင်နှင့် စာမေးပွဲ ရွှေ့ဆိုင်း
DVB
·
June 8, 2023
မအူပင်တွင် နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ခတ်၊ မအူပင်တက္ကသိုလ်ဘွဲ့နှင်းသဘင်နှင့် စာမေးပွဲ ရွှေ့ဆိုင်း
1 / 3
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ လူ ၂ ဦး သေဆုံးပြီး ဘုရားထီးတော်နဲ့ ဘုန်းကြီးကျောင်းတွေ ပျက်စီးသွားခဲ့ရတဲ့ မြေငလျင်လှုပ်ခတ်သွားပြီးနောက် နောက်ဆက်တွဲငလျင်တွေ ဆက်တိုက် လှုပ်ခတ်ခဲ့ကာ ငလျင်ကြောင့် မအူပင်တက္ကသိုလ်ဘွဲ့နှင်းသဘင်နဲ့ စာမေးပွဲကိုလည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။

ပြင်းအားရစ်ချ်တာ စကေး ၄ ဒသမ ၈ ရှိတဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်ဟာ ဇွန်လ ၇ ရက် ညနေ မြန်မာစံတော်ချိန် ၄ နာရီ ၂၃ မိနစ်၊ ၅၁ စက္ကန့် အချိန်မှာ ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် ၃၃ မိုင်ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း ဧရာဝတီတိုင်း ညောင်တုန်းမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာကို ဗဟိုပြုလှုပ်ခတ်ခဲ့တာပါ။

အဆိုပါ မြေငလျင်ကြောင့် ညောင်တုန်းမြို့နားက မအူပင်မြို့မှာ ငလျင်ဒဏ်ကြောင့်  သီလရှင် တပါးနဲ့ ယောဂီ အမျိုးသမီး တယောက်သေဆုံးခဲ့ပြီး စေတီဘုရား၊ ဘုန်းကြီးကျောင်းနဲ့ ဆိုင်ခန်းတွေ ထိခိုက်ပျက်စီးခဲ့သလို မနေ့ညသန်းခေါင်ကျော် ဒီနေ့မနက်အစောပိုင်းအထိ နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့တာလို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့ညနေက တမိနစ်ခန့်အကြာ ငလျင်လှုပ်ခတ်မှုအတွင်း မအူပင်မြို့ရဲ့ အထင်ကရ ရွှေဘုန်းမြင့်စေတီတော်ကြီးရဲ့ ထီးတော်ကျိုးကျ ယိုင်လဲသွားပြီး ပေါ်တော်မူဘုရား၊ မအူပင်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမနဲ့ မအူပင်တရားရုံးတို့မှာ အမိုးပြိုကျတာ၊ မုခ်ဦးပြိုကျတာနဲ့ နံရံကွဲအက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ် မြို့ခံလူမှုကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

မအူပင်မြို့ကယ်ဆယ်ရေးအသင်းတခုရဲ့ တာဝန်ခံတဦးက "လမ်းခင်းထားတဲ့ ကွန်ကရစ်မြေကြီးတွေပါကွဲတယ်။ မိုးကုတ်ကျောင်းထဲတော့ ဆရာလေး တပါးနဲ့ အမျိုးသမီး ၁ ယောက် ဆုံးသွားပါတယ်။ ဘုရားကြီးက ထီးတော်ကွေးတာရယ်၊ တရားရုံးဘက်ရယ်၊ မြို့မဈေးနားက တိုက်တွေရယ် ပြိုကျတာတွေ ရှိတယ်။ ဘယ်နှဦးထိခိုက်လဲကတော့ ရှာဖွေနေဆဲပါ။ အိမ်ထဲနေရင်း ထိခိုက်တာမျိုးတွေ ရှိတယ်၊ ညနေ ၅:၄၅ တကြိမ် ထပ်လှုပ်သွားသေးတယ်" လို့ ပြောပါတယ်။

ရွှေဘုန်းမြင့်ဘုရားနဲ့ ကပ်ရပ်ရှိ မိုးကုတ်ဝိပဿနာရိပ်သာ အဆောက်အဦအစိတ်အပိုင်း ပြိုကျခဲ့ ပိမိခဲ့တာကြောင့် သီလရှင် တပါးနဲ့ ယောဂီအမျိုးသမီး တယောက် သေဆုံးခဲ့တာဖြစ်ပါတယ်။

ညနေ ၅ နာရီ ၄၅ မိနစ်လောက်မှာ ငလျင် ထပ်မံလှုပ်ခတ်ခဲ့တာကြောင့် ဈေးဆိုင်ခန်းတချို့နဲ့ ဘုန်းကြီးကျောင်းတချို့က သိမ်နဲ့ ကျောင်းဆောင်တွေ နံရံအက်ကွဲသွားခဲ့ပါတယ်။

ငလျင်ကြောင့် မအူပင်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ ထိခိုက်ပျက်စီးသွားတာကြောင့်  ဇွန် ၉ ရက်၊ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ကျင်းပဖို့စီစဉ်ထားတဲ့  မအူပင်တက္ကသိုလ် အဝေးသင်သင်တန်းရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို  သဘာဝဘေးအန္တရာယ်ကြောင့် ယာယီရွှေ့ဆိုင်းလိုက်တယ်လို့ မအူပင်တက္ကသိုလ် အဝေးသင်ဌာနက ကြေညာထားပါတယ်။

ဒါ့အပြင် မအူပင်တက္ကသိုလ် နေ့သင်တန်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်(၂၀၂၀)အောင် သင်တန်းမှာ ကျရှုံးခဲ့တဲ့ ဘာသာရပ်တွေကို ဇွန် ၈ ရက်မှ ၁၅ ရက်အထိ  ပြန်လည်ဖြေဆိုရမယ့် နောက်ဆက်တွဲစာမေးပွဲကိုလည်း ယာယီရွှေ့ဆိုင်းထားလိုက်ရပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် အပျက်အစီးနဲ့ လူထိခိုက်မှုကို မအူပင် မြို့နယ်မီးသတ်ဌာနနဲ့ အရပ်ဖက်ကယ်ဆယ်‌ရေးအသင်းတွေက ရှာဖွေစစ်ဆေးနေပြီး ငလျင်လှိုင်းငယ်တွေ ထပ်မံပေါ်ပေါက်လာနိုင်လို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ကနေလည်း ငလျင်လှုပ်ခတ်မှုကို ခံစားရတာဖြစ်ပြီး စက္ကန့် ၅၀ ကျော်အထိ လှုပ်ခတ်ခဲ့တာကြောင့် အထပ်မြင့်တိုက်ပေါ်ကလူတွေ အောက်ဆင်းနေခဲ့ကြရပါတယ်။

မအူပင်မြို့မှာ ငလျင်လှုပ်ခတ်ပြီး လူသေဆုံး၊ စေတီ ဘုရားတွေနဲ့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြန်ကြားရေးနဲ့ ဒီကနေ့ ထုတ်စစ်ကောင်စီသတင်းစာတွေမှာတော့ သတင်းဖော်ပြခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ မေလ ၃၁ ရက် ညနေပိုင်းကလည်း ကချင်ပြည်နယ်၊ ဟိုပင်မြို့အနီးမှာ အင်အား ရစ်ခ်တာစကေး ၅ ဒသမ ၉ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့တာကြောင့် စေတီပုထိုးနဲ့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတချို့ ပျက်စီးသွားပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013