
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်(ဆိတ်မူ)ကျေးရွာဘက်မှာ ဇွန် ၆ ရက် ညပိုင်းက အလောင်း ၂ လောင်း တွေ့ရှိပြီး အလောင်း ၁ လောင်းပေါ်မှာ ဓားပြ ဆိုတဲ့ စာသား ရေးသားကာ လည်မှာချိတ်ဆွဲထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံအမျိုးသားတဦးက “အလောင်းတွေက အသက် ၃၀ ဝန်းကျင်ရှိတဲ့ အမျိုးသားအလောင်းတွေ၊ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေနဲ့ သေနေဝာာ။ တလောင်းကို မနေ့က ၆ ရက်နေ့ ညပိုင်းက ဆိပ်မူရွာ ရွာပတ်လမ်းနားမှာ တွေ့ခဲ့ပြီး ၁ လောင်းကို ဒီနေ့ ဇွန် ၇ ရက်နေ့ မနက် ၆ နာရီလောက်မှာ တွေ့တာ” လို့ ပြောပါတယ်။
ဖားကန့်မြို့နယ်အတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် ဓားပြမှု၊ လုယက်မှု၊ လူသတ်မှုတွေ နေ့စဉ်ဖြစ်ပွားနေပြီး အမည်မသိ လူတစုက ဖုန်းဆက်ခြိမ်းခြောက်ကာ ငွေတောင်းတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၄ ရက်ကလည်း ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ငြိမ်းချမ်းသာယာကျေးရွာ အပိုင် ရပ်ကွက် ၃ က နေအိမ် ၁ အိမ်ကို မျက်နှာဖုံးစွပ် အမည်မသိ လူငယ် ၃ ယောက်က သေနတ်ထောက်ပြီး ငွေသိန်း ၃၀ ကျော်၊ အိမ်စီးကား ၁ စီးနဲ့ လက်ကိုင်ဖုန်း ဓားပြတိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။