
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ မြို့မရဲစခန်းကို ဇွန် ၄ ရက်ကနေ ၆ ရက်နေ့အထိ ၃ ရက်တာ ၈၀ မမ၊ ၆၀ မမ၊ ၄၀ မမတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တွေဆီကနေ သိရပါတယ်။
ဇွန် ၄ ရက် ၂ နာရီကနေ ညနေ ၅ နာရီအထိ တိုက်ပွဲတကြိမ်၊ ဇွန်လ ၅ ရက် ညပိုင်း ၈ နာရီကနေ ၁၂ နာရီအထိ တိုက်ပွဲတကြိမ်၊ ဇွန်လ ၆ ရက် မနက် ၁၁ နာရီကနေ ညနေ ၄ နာရီလောက်အထိ တကြိမ် တိုက်ပွဲပြန်ဖြစ်ပွားခဲ့တယ်လို့ ကျားသစ်နက်တပ်ရင်းမှူး ကိုဥက္ကာက ပြောပါတယ်။
“ကျနော်တို့ တိုက်ပွဲ ၃ ရက်လုံးကို ပုလဲမြို့ထဲက မျက်စိဆေးရုံးအနီးအထိ ချဉ်းကပ် ပစ်ခတ်ခဲ့တာဗျ။ ၃ ရက်တာတိုက်ပွဲမှာ ကျနော်တို့ ၈၀ မမ ကျည်အလုံး ၈၀၊ ၆၀ မမ ကျည်အလုံး ၆၀ ကျော်၊ ၄၀ မမ ကျည် ၁၀၀ နီးပါး အသုံးပြု တိုက်ခိုက်ခဲ့တာဗျ။ ဒီနေ့ (--)အသေအပျောက်ကတော့ စခန်းမှူးတဦး ကျဆုံးတယ်လို့ ကနဦး သတင်းရထားတယ်။ ရဲဘော်အများအပြား ထိခိုက်ဒဏ်ရာရရှိတယ်လို့ ဖရဲသီးဆီကနေ သိထားရပါတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် တစုံတရာ မရှိခဲ့ဘူးဗျ။”
ပုလဲမြို့ပေါ်က ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ပြည်သူ့ကာကွယ်ရေးတွေက ၃ ရက်တာ ပစ်ခတ်တာကြောင့် စစ်ကောင်စီဘက်က ပုလဲမြို့ အဝင်အထွက်လမ်းတွေကို လုံခြုံရေး တိုးမြှင့်ချထားပြီး ပြည်သူတချို့ကို ရိုက်နှက်စစ်ဆေးတာတွေလည်း ရှိနေတယ်လို့ ပုလဲမြို့ပေါ်နေ ပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။










