
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ချောင်းညီကိုကျေးရွာက ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇွန် ၆ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း၊ KTLA-TCJF၊ တနင်္သာရီရိုးမ ပူးပေါင်းတပ်ဖွဲ့နဲ့အတူ စစ်ကြောင်း ၂ ကြောင်းခွဲကာ အင်အား ၃ဝ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့တာမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
ခွပ်ဒေါင်းတမန်စစ်ကြောင်း သတင်းပြန်ကြားရေး တာတန်ခံက “သူတို့ ဒီရွာမှာ တပ်စွဲထားတာ ကြာပြီ။ ရွာသားတွေလည်း မရှိတော့ဘူး။ အခုက အခွင့်အရေး ကြုံလာလို့ စစ်ကြောင်းခွဲပြီး နှစ်ဖက်ကြားညှပ်ပစ်တာပါ။ သူတို့ဘက်က အကျအဆုံးများတယ်။ သူတို့ဘက်က ၅၅၇ တပ်တို့၊ ဇဝဲတပ်တို့က ၁၂ဝ မမ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်” လို့ ပြောပါတယ်။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က ၁ဝ ဦးကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့သူ အများအပြား ရှိခဲ့တယ်လို့ သိရကာ ပြည်သူ့ကာကွယ်ရေးဘက်က တပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကာ စိုးရိမ်ရတဲ့အခြေအနေ အနည်းငယ်ရှိတယ်လို့ ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း သတင်းပြန်ကြားရေးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၅၇ တပ်နဲ့ ဇဝဲ အမြောက်တပ်တွေကနေ လက်နက်ကြီး ပစ်ကူတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၁ နာရီလောက် ကြာတဲ့အချိန်မှာ နှစ်ဖက်စလုံး ဆုတ်ခွာခဲ့တယ်လို့လည်း သိရပါတယ်။
တိုက်ပွဲပြီးတဲ့နောက် မြိတ်ဘက်ကနေ စစ်အကူကား ၃ စီး ရောက်လာပြီး တိုက်ပွဲဖြစ်တဲ့ နေရာတလျှောက် အင်အားအပြည့်ချထားကာ အနီးအနား ကျေးရွာတွေဖြစ်တဲ့ ဘန်းလမွတ်၊ ချောင်းညီကို၊ ရမ်းဖိုကျေးရွာတွေကို စစ်ကောင်စီ အမြောက်တပ်တွေက လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတယ်လို့လည်း ပြောပါတယ်။
“ဒီ ဘန်းလမွတ်တို့၊ ရမ်းဖိုရွာတွေမှာက လူတွေမရှိတော့ဘူး။ အရင်တည်းက စစ်တပ်က လက်နက်ကြီးတွေ ထုနေလို့ ထွက်ပြေးနေကြတာပါ။ ဒီရွာတွေက အမြောက်တပ်ရင်း ၂ ရင်းကြားမှာ ညပ်နေတာဆိုတော့ တိုက်ပွဲဖြစ်ရင် ဒီရွာတွေကိုပဲ အမြောက်တပ်က ပစ်တာပါ။ အခုလည်း ညကတည်းက ဆက်တိုက်ပစ်နေတာ အခုထိ မနားသေးဘူးလို့ မြေပြင်က သတင်းပို့နေပါတယ်” လို့ ခွပ်ဒေါင်းတမန်စစ်ကြောင်း သတင်းပြန်ကြားရေးက ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲမှာ ထိခိုက်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတွက် ဆေးဝါးလိုအပ်ချက် ရှိနေပြီး တိုက်ပွဲတွေ ရက်ရှည် ဆက်တိုက်ဖြစ်လာနိုင်တဲ့အတွက် ပြည်သူ့ကာကွယ်ရေးဘက်က ကျည်လိုအပ်မှုတွေ ရှိလာနိုင်တယ်လို့လည်း သူက ထပ်မံပြောပါတယ်။
တနင်္သာရီမြို့နယ်မှာ လက်ရှိအချိန် စစ်ရေးလှုပ်ရှားမှုတွေ ရှိလာတာကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေတဲ့အတွက် ခရီးသွားပြည်သူတွေအနေနဲ့ မလိုအပ်ရင် ခရီးမသွားလာကြဖို့ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ မေတ္တာရပ်ခံထားပါသေးတယ်။
ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကလည်း ဆန်းသစ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် လယ်သစ်ကျေးရွာ နေအိမ် ၂ လုံး ထိခိုက်ပျက်စီးပြီး ဒေသခံ တရွာလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။










