
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး-မန်ဆူကားလေးကွင်းမှာ မန်ဆူကားလေးဝင်း မ.ထ.သ က ဦးစီးကာ လောက်ကိုင်ကားတစီးကို ကျပ်တသိန်းစီ ဇွန် ၈ ရက် နောက်ဆုံး ပေးသွင်းကြဖို့ ကောက်ခံနေတယ်လို့ ကားသမားတွေထံက သိရပါတယ်။
လားရှိုး-လောက်ကိုင် ပြေးဆွဲနေတဲ့ ကားဆရာတဦးက “တဂိတ် တယောက် အစည်းဝေးခေါ်တာက ဇွန် ၅ ရက် နေ့လယ် ၁ နာရီမှာ ခေါ်တာပါ။ ပြောက်ကျားဆိုပြီး တဂိတ် သုံးသိန်းလည်း ထည့်ပြီးသားပါ။ ခုက ဂိတ်ပိုင် ရှစ်သိန်း၊ ကားသမား တသိန်း ထည့်ရမယ်လို့ ပြောပါတယ်။ လောက်ကိုင်ဂိတ်တိုင်းကို သွားမေးလို့ရပါတယ်။ ဂိတ်တွေက ကားသမားတွေ မ.ထ.သ ရုံးကို သွားမေးတယ်။ စာရောက်ရင် စီးပွားရေးတာဝန်ခံ လက်မှတ်တံဆိပ်တုံး ပါနေကျပါ။ ခုက စာရောက်တယ်ဆိုပေမဲ့ ဘယ်အဖွဲ့က ကောက်ခိုင်းတယ် ဆိုတဲ့ စာလည်း မပြနိုင်ဘူး။ ဖြတ်ပိုင်းလည်း မပေးဘူး။ ဘယ်အဖွဲ့ဆိုတာလဲ ဂဃဏန မသိရဘူး။ ပုံမှန်ဆို အလွန်ဆုံး သုံးသောင်းနဲ့ ငါးသောင်းကြားပဲ။ ၂ ဖွဲ့ပေါင်း ၃ ဖွဲ့ပေါင်း ၄ ဖွဲ့ပေါင်း အဲလိုပေါင်းကောက်တာမျိုးဆို လမ်းမှာတွေ့လည်း ငွေသွင်းပြီးရင် ဖြတ်ပိုင်းတောင် ပြစရာမလိုဘူး” လို့ ပြောပါတယ်။
တောတွင်းလက်နက်ကိုင်အဖွဲ့တွေထဲက တဖွဲ့ဖွဲ့က ကောက်ခံခိုင်းတာကို မန်ဆူကားလေးကွင်း မ.ထ.သတွေက ဦးဆောင်ကောက်ခံပေးပြီး သူတို့ပဲ သွားသွင်းပေးမယ်ဆိုတဲ့သဘော ပြောနေကြောင်း သိရပါတယ်။
လောက်ကိုင်ကို ပြေးဆွဲနေတဲ့ ယာဥ်မောင်းက “ကျနော်တို့ဂိတ်ကဆို နှစ်ယောက်ပဲ ထည့်နိုင်သေးတယ်။ သူတို့က ငွေတတ်နိုင်တဲ့ တရုတ်လူမျိုး ကားပိုင်တွေပါ။ ကျန်တဲ့သူတွေ မထည့်နိုင်ကြသေးပါဘူး” လို့ ပြောပါတယ်။
မန်ဆူကားလေးကွင်းမှာ လားရှိုး-လောက်ကိုင် ဂိတ်ပေါင်း ၄၀ ကျော်ရှိတာမို့ လောက်ကိုင်သွားတဲ့ လူဦးရေနဲ့ ကားတွေက မျှတနေတာဖြစ်ပြီး ကားတစီးက ၅ ရက် ၆ ရက်မှ တခေါက် အလှည့်ကျတာပါ။
လူ ၄ ယောက်နဲ့ ကုန်စိမ်းလေး တန်ဆာကုန်လေး တင်သွားရပြီး အတက်အဆင်း ဂိတ်ကြေးတွေအပါ တသိန်းခွဲလောက်က ကားသမားတိုင်း ကုန်ပါတယ်။
အပြန်ကုန်တင်ဖို့ မရှိသလို ခရီးသည် နှစ်ယောက်လောက်ရဖို့ မလွယ်ဘဲ အသွားက အရင်းဖြစ်သွားပြီး အပြန်မှာပါတဲ့ ခရီးသည်အရေအတွက်ကသာ ကားသမားအတွက် ပြန်ရတဲ့ငွေတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
လားရှိုး-လောက်ကိုင် ယာဥ်စီးနင်းခက လူတဦး ရှေ့ခန်း သုံးသောင်းခွဲ၊ နောက်ခန်း သုံးသောင်း ကျသင့်ပြီး လူ ၄ ဦး တင်ဆောင်တယ်လို့လည်း သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA, KIA, ရှမ်း ၂ ဖွဲ့, ကိုးကန့်လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားနေကြပြီး ဘယ်အဖွဲ့ရဲ့ ကောက်ခံမှုဖြစ်တယ် ဆိုတာကို မသိရဘူးလို့ ကားဂိတ် တာဝန်ရှိသူတဦးကလည်း ပြောပါတယ်။











