DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ဆွမ်းခံကြွသည့် ဘုန်းကြီးတပါးကို ကားတိုက်ပြီး ရုပ်အလောင်းစွန့်ပစ်
DVB
·
June 7, 2023
မန္တလေးတွင် ဆွမ်းခံကြွသည့် ဘုန်းကြီးတပါးကို ကားတိုက်ပြီး ရုပ်အလောင်းစွန့်ပစ်
Donate to DVB

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်အနီး မန္တလေးတောင်တက်လမ်းမှာ ဇွန်လ ၆ ရက် မနက် ၅ နာရီခန့်က အရုဏ်ဆွမ်းခံကြွလာတဲ့ ဘုန်းကြီးတပါးကို ကားတိုက်ပြီး ရုပ်အလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့တယ်လို့ ပရဟိတမင်းခေါင် ကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

ရုပ်အလောင်းစွန့်ပစ်ခံရတဲ့ ဘုန်းကြီးဟာ မန္တလေး ပရဟိတမင်းခေါင် M-Rescue ကယ်ဆယ်ရေးအသင်း ဗဟိုဥက္ကဋ္ဌရဲ့ ယောက္ခထီး တော်စပ်သူလို့ သိရပါတယ်။

ကားတိုက်ခံရသူဟာ အသက် ၉၃ နှစ်၊ ၂၅ ဝါရှိ ဦးဩဘာသ၊ အဘယခေမာရွှေ တောင်ကြားကျောင်းတိုက်မှာ သီတင်းသုံးသူလို့ သိရပြီး အဲဒီမနက်ပိုင်းက ဒုလ္လဘဦးပဉ္စင်းတပါးနဲ့ အတူ ဆွမ်းခံထွက်ခဲ့တာပါ။ 

ပရဟိတမင်းခေါင်းအသင်း ဥက္ကဋ္ဌက “ကျောင်းက တောင်ပေါ်နေတော့ အောက်ဆင်းပြီး ဆွမ်းခံထွက်တာ၊ ၂ ပါး ကြွတာ၊ တပါးက ဒုလ္လဘဝတ်ထားတာ ၂ ရက်ပဲ ရှိသေးတယ်၊ ဘုန်းကြီးကို လိုက်ထရပ်ကား ဘက်မှန်နဲ့ တိုက်မိတာ၊ အဲဒီမှာ ဘုန်းကြီးက ထထိုင်သေးတယ်။ ကားသမားက ဆေးရုံပို့ပေးမယ် ဆိုပြီးတော့ သူတို့ကားပေါ်ကို တင်ခေါ်သွားတာ၊ ဒုလ္လဘဦးပဉ္စင်းက ကားနံပါတ်တွေ ပုံရိုက်ထားလိုက်တယ်၊ ပြီးမှ ကျောင်းကို ပြန်ပြောတာ၊ အားလုံး ဆေးရုံလိုက်ရှာကြတော့ မတွေ့ဘူး” လို့ ဆိုပါတယ်။

သီတဂူကျောင်းအနားအရောက်မှာ လူ ၄ ဦး လိုက်ပါလာတဲ့ လိုက်ထရပ်ယာဉ်ရဲ့ ဘက်မှန်နဲ့ တိုက်မိတာဖြစ်ပြီး လိုက်ထရပ်ယာဉ်မောင်းက ဘုန်းကြီးကို ဆေးရုံပို့ဆောင်ပေးမယ်ဆိုကာ ခေါ်ဆောင်သွားပါတယ်။

ပရဟိတမင်းခေါင်အသင်း တာဝန်ရှိသူတဦးက “ဘုန်းဘုန်းက ဖုန်းပါသွားတယ်၊ အဲဒါနဲ့ ဒီက ဆက်ကြတော့ ကားသမားတွေဘက်က ကိုင်တယ်၊ ကျနော်တို့ ဘယ်ကိုလာပို့ရမလဲတဲ့၊ ရွှေတောင်ကြားကျောင်းတိုက်လို့ ဖြေလိုက်တာ၊ သူတို့က လာပို့မယ်ဆိုပြီးတော့ ပေါ်မလာဘူး၊ နောက်ကျတော့ ဖုန်းပါ ပိတ်ပစ်လိုက်တာ၊ လိုက်ရှာတော့မှ တောင်ခြေက တမာပင်အောက်မှာ ခွေခွေကလေး တွေ့တယ်၊ ဘုန်းကြီးက ပျံလွန်တော်မူနေပြီ” လို့ ပြောပါတယ်။

ဒုလ္လဘဦးပဉ္စင်းက ကျောင်းကို သွားပြောပြပြီး ဘုန်းကြီးမိသားစုဝင်၊ အခြားသံဃာတွေနဲ့ပါ ‌ဆေးရုံ၊ ဆေးခန်းတွေကို လိုက်ရှာပေမဲ့ မတွေ့ရဘဲ မနက် ၈ နာရီခန့်မှာ မန္တလေးတောင်တက်လမ်း၊ တမာပင်အောက် သေဆုံးလျက်အနေအထား စွန့်ပစ်ခံထားရကာ ကားတိုက်သူတွေက ဘုန်းကြီးရဲ့ စမတ်ဖုန်းကိုပါ ယူဆောင်သွားပါတယ်။

လိုက်ထရပ်ကား MDY- 8B 4277 နံပါတ်အရ ယာဉ်ပိုင်ရှင်တွေရဲ့ နေရပ်လိပ်စာမှာ မန္တလေး၊ ပြည်ကြီးပျော်ဘွယ်ရပ်လို့ သိရပြီး ‌ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မန္တလေးယာဉ်ထိန်းရဲတပ်ဖွဲ့က အောင်မြေသာစံ အမှတ် ၂ ရဲစခန်းမှာ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013