

အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၂၉ နှစ်ကုန်မှာ တခါသုံး ပလတ်စတစ် ထုတ်ကုန်တွေကို တားမြစ်ပိတ်ပင်သွားမယ်လို နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောရေးရာဝန်ကြီး စီတီနူရာဘာယာဘာခါက ဇွန် ၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဲဒီအချိန်မှာ ထုတ်လုပ်သူတွေကို သူတို့ရဲ့ ပလတ်စတစ် ထုပ်ပိုးအသုံးပြုမှုကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ချဖို့ အမိန့်ပေးထားပါတယ်။
တားမြစ်ချက်မှာ တခါသုံး ပလတ်စတစ်ဈေးဝယ်အိတ်တွေ၊ ပလတ်စတစ်ကောက်ရိုးတွေနဲ့ ပလတ်စတစ် ပန်းကန်ခွက်ယောက်တွေ ပါဝင်မှာဖြစ်ပြီး အစားအသောက် ထုပ်ပိုးဖို့အတွက် စတီရိုဖိုမ် အသုံးပြုတာကိုလည်း တားမြစ်မှာဖြစ်ကြောင်း ဝန်ကြီးက ဆိုပါတယ်။
“ဒီနည်းလမ်းဟာ တန်ဖိုးမရှိဘဲ ပြန်လည်အသုံးပြုဖို့ ခက်ခဲတဲ့အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း ညစ်ညမ်းစေနိုင်တဲ့ စုဆောင်းရခက်တဲ့ ထုပ်ပိုးမှုဆိုင်ရာ စွန့်ပစ်ပစ္စည်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တယ်” လို့ ဝန်ကြီးကပြောပါတယ်။
အမျိုးမျိုးသော လေ့လာမှုတွေနဲ့ အစီရင်ခံစာတွေအရ အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ ထိပ်တန်းနိုင်ငံတခုအဖြစ် သတ်မှတ်ခံထားရပါတယ်။
လွန်ခဲ့တဲ့နှစ်က လူဦးရေ သန်း ၂၇၀ ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ပလတ်စတစ်အမှိုက် တန်ချိန် ၁၂ ဒသမ ၆ သန်း ထုတ်လုပ်ခဲ့တယ်လို့ အင်ဒိုနီးရှား သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
အင်ဒိုနီးရှားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Zero Waste Indonesia Alliance ရဲ့ လေ့လာမှုတခုအရ အင်ဒိုနီးရှားမှာ ပလတ်စတစ်အမှိုက် ၉ ရာခိုင်နှုန်းသာ ပြန်လည်အသုံးပြုကြပြီး ကျန်တဲ့ ပလတ်စတစ်တွေဟာ အမှိုက်ပုံ ဒါမှမဟုတ် မြစ်နဲ့ သမုဒ္ဒရာတွေကို ညစ်ညမ်းစေတဲ့ အမှိုက်တွေအနေနဲ့ ကုန်ဆုံးသွားတယ်လို့ အကြံပြုထားပါတယ်။
အင်ဒိုနီးရှားက ပြည်နယ်တွေကို ၂၀၂၉ မှာ တားမြစ်ပိတ်ပင်မှုကို ပံ့ပိုးကူညီဖို့အတွက် ပလတ်စတစ်အမှိုက် လျှော့ချရေး လမ်းပြမြေပုံတခု ထုတ်လုပ်ဖို့ ညွှန်ကြားမယ်လို့ ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ဇူလိုင်လမှာ လူကြိုက်များတဲ့ အပန်းဖြေကျွန်း ဘာလီဟာ တခါသုံး ပလတ်စတစ်အိတ်တွေ၊ ကောက်ရိုးတွေနဲ့ စတီရိုဖိုမ်တွေ အသုံးပြုတာကို တားမြစ်ပိတ်ပင်တဲ့ ပထမဆုံး အင်ဒိုနီးရှားပြည်နယ် ဖြစ်လာခဲ့ပါတယ်။
နိုင်ငံရဲ့မြို့တော် ဂျကာတာမှာတော့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှာ တခါသုံး ပလတ်စတစ်အိတ်တွေ အသုံးပြုတာကို တားမြစ်ထားပေမဲ့ ပလတ်စတစ်ကောက်ရိုးတွေ၊ မီးဖိုချောင်သုံးပစ္စည်း စတီရိုဖိုမ်တွေကို အသုံးပြုခွင့် ပေးထားပါတယ်။
အင်ဒိုနီးရှားဟာ တခါသုံး ပလတ်စတစ်ထုတ်ကုန်တွေအပေါ် မှီခိုအားထားတာကို အဆုံးသတ်ဖို့ မျှော်လင့်နေတဲ့ တခုတည်းသောနိုင်ငံ မဟုတ်ပါဘူး။
မလေးရှားဟာ ၂၀၃၀ ပြည့်နှစ်မှာ တခါသုံး ပလတ်စတစ်တွေကို ဖယ်ရှားပစ်ဖို့ ရည်မှန်းချက်ကြီးတဲ့ လမ်းပြမြေပုံကို ၂၀၁၈ ခုနှစ်မှာ ချမှတ်ခဲ့ပါတယ်။
ဒီရည်မှန်းချက်ကို ပံ့ပိုးပေးဖို့ မလေးရှားနိုင်ငံ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဝန်ကြီး နစ်နာဇမီနစ်အာမက်က ၂၀၂၅ ခုနှစ်မှာ နိုင်ငံတဝန်းလုံးမှာရှိတဲ့ စီးပွားရေးကဏ္ဍအားလုံးမှာ လက်လီရောင်းချတဲ့ ရည်ရွယ်ချက်အတွက် ပလတ်စတစ်အိတ် အသုံးပြုမှုကို တားမြစ်ဖို့ ရည်ရွယ်ထားတယ်လို့ ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။
Source -CNA ၊ Photo -AFP










