DVB Logo
Home
မြန်မာသတင်း
စစ်တပ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃,၆၂၂ ဦးထိရှိလာ
DVB
·
June 6, 2023
စစ်တပ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃,၆၂၂ ဦးထိရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၆၂၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၃,၂၇၅ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇွန် ၆ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၈,၉၄၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၆,၂၉၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၅ ယောက် ရှိနေပြီး မျက်ကွယ်သေဒဏ် ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၇ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၄,၃၂၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၃ ရက် မနက် ၆ နာရီလောက်က ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု၊ ပွဲကုန်း ၂ ရပ်ကွက်ထဲက နေအိမ်တလုံးရှေ့ကို အကြမ်းဖက်စစ်အုပ်စုတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုအောင်ကျော်ဖြိုး (ခ) အဖြိုးကို ကျည်စထိမှန်ပြီး ဦးခေါင်း၊ ဗိုက်နဲ့ ညာဘက်ပေါင် ထိမှန်ဒဏ်ရာတွေ ရရှိသွားခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။ အဲဒီနောက် သူ့ကို လွိုင်ကော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီးနောက် သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇွန် ၂ ရက် နေ့လယ် ၃ နာရီလောက်ကလည်း တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာ လှေဆိပ်ကနေ ကမ်းတိုကျေးရွာဆီ လှေနဲ့သွားနေတဲ့ အမျိုးသား ၂ ယောက်ကို အကြမ်းဖက်စစ်အုပ်စုတပ်က ကုန်းပေါ်ကနေ သေနတ်နဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် ကမ်းတိုကျေးရွာသား ကိုအောင်ကျော်ကို ကျည်ထိမှန်ကာ ရေထဲပြုတ်ကျခဲ့ပြီး သူနဲ့အတူပါလာတဲ့ အမျိုးသားတယောက်ကတော့ ရေကူး လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ဇွန် ၃ ရက် မနက်ပိုင်းမှာတော့ ဆင်ဒင်ကျေးရွာအနီးက မြစ်ထဲမှာ သေဆုံးနေတဲ့ ကိုအောင်ကျော်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013