
မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ဇွန် ၅ ရက် မနက်ပိုင်းက စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး ၃ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ အနောက်လွင်ပြင် LPDF အဖွဲ့ကနေ သိရပါတယ်။
ပေါက်မြို့ကနေ ပခုက္ကူ-မင်းတပ် ကားလမ်းအတိုင်း ပခုက္ကူမြို့ကို ရိက္ခာသွားဝယ်တဲ့ စစ်ကောင်စီယာဥ်တန်း အစီး ၃၀ လောက်ကို ဇွန် ၅ ရက် မနက် ၁၁ နာရီလောက်က ပေါက်မြို့နယ် တက်မတောင်ကြောမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ အနောက်လွင်ပြင် LPDF ရဲ့ တာဝန်ခံ ဗိုလ်တေဇက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ မိုင်းဆွဲလိုက်တဲ့ကားတွေက သူတို့ ပျူရွာတွေက ပဲ၊ နှမ်းတွေ အပါအဝင် ထွက်ကုန်တွေကို သွားရောင်းရင်းနဲ့ ရိက္ခာဝယ်ဖို့ ထွက်လာကြတာဗျ။ မိုင်းကတော့ ၁၁ လုံးလောက် ဆွဲလိုက်တာ၊ သူတို့ဘက်က ၃ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်။ အဲဒီတိုက်ခိုက်မှုကို ပေါက်မြို့နယ် ဒေသခံ မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူး။”
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။