DVB Logo
Home
မြန်မာသတင်း
လေကြောင်းပစ်ခတ်မှုကြောင့် ကလေးပြည်သူ ၁ဦးသေဆုံး၊ ဆားလင်းကြီးတွင် စစ်တပ်မိုင်းဆွဲခံရ၊ ကံသစ်ရွာကို စစ်တပ်ကမီးရှို့ပြီး ဝက်လက်ဒေသခံ ၁ ဦးကို ပစ်သတ်
DVB
·
June 6, 2023
လေကြောင်းပစ်ခတ်မှုကြောင့် ကလေးပြည်သူ ၁ဦးသေဆုံး၊ ဆားလင်းကြီးတွင် စစ်တပ်မိုင်းဆွဲခံရ၊ ကံသစ်ရွာကို စစ်တပ်ကမီးရှို့ပြီး ဝက်လက်ဒေသခံ ၁ ဦးကို ပစ်သတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီက ရဟတ်ယာဉ်အပါအဝင် မြို့ပေါ် အမြောက်တပ်ကနေ လက်နက်ကြီး‌တွေနဲ့ ပစ်ခတ်ခဲ့တာ‌ကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ‌တွေက‌ ပြောပါတယ်။

ဇွန် ၅ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ လက်ပံချောင်း-ရာဇဂြိုဟ် လမ်းမပေါ်မှာရှိတဲ့ ရှုခင်းသာကျေးရွာ စာသင်ကျောင်းမှာ ရွာလူကြီးတွေ အစည်းအဝေးပြုလုပ်စဉ် စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်ခဲ့ကြောင့် အစည်းအဝေးပြုလုပ်နေတဲ့ ရွာလူကြီး ၁ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ရပ်ရွာအတွက် အစည်းအဝေးကျင်းပနေတုန်း သတင်းပေါက်ကြားပြီး လာရောက်ပစ်ခတ်ခဲ့တာ။ ကလေးမြို့ပေါ်ကနေ လာပစ်တာ‌ ဖြစ်နိုင်တယ်။ အလစ်အငိုက် ဝင်ပစ်တာဆို‌တော့ ရွာခံတွေကတော့ ထပြေးကြရတယ်။ တိုက်ပွဲဖြစ်ပွားတာလည်း မရှိဘူး။ အစည်းအ‌ဝေးပွဲအတွင်း ၁ ဦး သေတယ်၊ ၄ ဦး ဒဏ်ရာရတယ်။‌ စာသင်ကျောင်း အနည်းငယ် ထိခိုက်ပျက်စီးတယ်။”

ရဟတ်ယာဉ်နဲ့ ပစ်ခတ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ကလေးမြို့ပေါ်ကနေ မြို့နယ်မြောက်ပိုင်းကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် လက်ပံချောင်းကျေးရွာက ဒေသခံ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရွာခံတဦးက ပြောပါတယ်။

“လက်နက်ကြီးပစ်တဲ့ဟာက လက်ပံချောင်းအရှေ့ဘက်ကျတာ၊ တောသွားတောပြန် ပြည်သူနားကျလို့ ၁ ယောက် ခြေပြတ်တယ်၊ ၄ ယောက် ဒဏ်ရာရတယ်။”

လက်ရှိမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆေးရုံတင်ထားရပြီး ဒေသခံတွေအနေနဲ့လည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကလေးမြို့နယ် ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာကနေ ထွက်လာတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဇွန် ၅ ရက် မွန်းတည့် ၁၂ နာရီခွဲလောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

အဆိုပါစစ်ကြောင်းဟာ မေ ၄ ရက်နေ့က မုံရွာမြို့တဖက်ကမ်းကနေ ညောင်ပင်ကြီးရွာမှာ ညအိပ်တပ်ဆွဲခဲ့ပြီး ဇွန် ၅ ရက်နေ့မှာ စတင်စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

“မနက်ခင်း ၈ နာရီ‌က ညောင်ပင်ကြီးရွာကနေ အောင်ချမ်းစီရွာ၊ ကျော်ရွာ၊ တောင်ပူလူရွာကနေ ဝမ်ပေါင်ကုမ္ပဏီထဲကို ဝင်တယ်ပေါ့။ ဝမ်ပေါင်ကုမ္မဏီထဲ မရောင်ခင် လမ်းဆုံကနေ ဝမ်ပေါင်ကုမ္ပဏီက ကားလေးတွေနဲ့ကြိုပြီး ကုမ္ပဏီဝန်းထဲ ဝင်သွားတယ်” လို့ ကျော်ရွာဒေသခံရွာသားတဦးက ပြောပါတယ်။

ဒေသခံတွေဟာ စစ်ကောင်းစီ စစ်ကြောင်းထိုးလာမှာသိလို ကြိုတင် စစ်ကြောင်းရှောင်နေကြပေမဲ့ စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးမိပြီး ကျော်ရွာက ကိုကြည်ခိုင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ ပထမသိရတာက ဝမ်ပေါင်ကို ရိက္ခာပို့လာတယ်လို့ပဲ သိထားရတယ်။ နေ့ခင်း ၁၂ နာရီကျော်တော့ ဝမ်ပေါင်ကုမ္ပဏီကနေ ဆည်တဲရွာဟောင်းဘက်ကို ရှေ့ပြေးကင်း အရင်ထွက်လာတာတွေ့ရတယ်။ အဲတာကို ကျနော်တို့ မိုင်း ၂ နေရာဆွဲ တိုက်ခိုက်နိုင်ခဲ့တယ်ဗျ။ မိုင်းက ၂ ဆိုင်းဆွဲတာပါ။ အလုံးအ‌ရေအတွက်က ၆ လုံးပါဗျ။ အထိခိုက်ကတော့ အတော်များနိုင်တယ်ဗျ။ အတိကျတော့မသိရသေးဘူး။ လက်ရှိစစ်ကြောင်းက ဆည်တဲရွာဟောင်းမှာ အထိုင်ချငြိမ်နေတယ်ဗျ” လို့ ဆားလင်ကြီးမြိုနယ် Young People Forceခေါင်းဆောင် ကိုလက်ယာက ပြောပါတယ်။

အခုတိုက်ခိုက်မှုကို Young People Force နဲ့ မဟာမိတ်အဖွဲ့တွေ၊ ဒေသခံ ပြည်သူကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို  စစ်တပ်က ဇွန် ၄ ရက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက် စီးနင်းပြီး စတုတ္ထအကြိမ် မီးရှို့ခဲ့တယ်လို့ ကျေးရွာကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ကံသစ်ရွာမှာ ၂၀၂၂ ခုနှစ် ဇွန်လက နေအိမ် ၅၂ လုံး၊ နိုဝင်ဘာက ၇ လုံး၊ ၂၀၂၃ ခုနှစ် မေက ၂၀၆ လုံး မီးရှို့ခံခဲ့ရပြီး အခု နေအိမ် ၆၅ လုံး ထပ်မံမီးရှို့ခံရတာကြောင့် နေအိမ်ပေါင်း ၃၂၈ လုံး ရှိလာပြီလို့ ရွာသားတွေက ပြောပါတယ်။ 

ကံသစ်ရွာဟာ ခင်ဦးမြို့အနောက်ဘက် ၂ မိုင်အကွာ၊ ခင်ဦး-ရေဦးကားလမ်းဘေးတွင်ရှိကာ မကြာခဏ တောင်သူတွေ အလုပ်အကိုင်တွေ ပစ်ပြေးနေကြရပြီး  စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့တာကြောင့် နေထိုင်စားသောက်ဖို့ အခက်အကြုံနေရတယ်လို့  စစ်ရှောင်ရွာသားတွေက ဆိုပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်မှာ ဇွန် ၄ ရက်နေ့က ခမရ (၁၂) က အင်အား ၁၀၀ နီးပါးရှိ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာပြီး  တမာကန်ကျေးရွာက စိတ်ကျန်းမာရေးချို့တဲ့ နေတဲ့ အမျိုးသားတဦးကို သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"နဘဲပင်လှကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းက တမာကန်ကျေးရွာကို ဝင်လာတယ်။ တမာကန်မှာ ညအိပ်ပြီး တပ်ရွာဘက်ကို ဆက်လက် စစ်ကြောင်းထိုးတာ။ စိတ်ကျန်းမာရေးချို့တဲ့နေပြီး လျှောက်သွားနေတဲ့ အမျိုးသားကို တမာကန် နဲ့ တပ်ရွာကြားမှာ သေနတ်နဲ့ ပစ်သတ်သွားတယ်" လို့  ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ အသက် ၄၀ အရွယ် အမျိုးသားတဦးကို သေနတ်နဲ့ပစ်သတ်ပြီး တပ်ကျေးရွာက နေအိမ် ၁ လုံးထက်မနည်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၃ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဝက်လက်မြို့နယ် နဘဲပင်လှကျေးရွာကို ဝင်ရောက်ပြီး နေအိမ်အလုံး ၆၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ကာ  အသက် ၂၀ အရွယ် အမျိုးသားတဦးကို ခေါင်းဖြတ်သတ်ပြီး မီးရှို့ သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013