DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းအလွန် ရခိုင်ဒေသ အငတ်ဘေးနှင့် ရောဂါဘေးကြုံတွေ့ရနိုင်ဟု ကုလပြော
DVB
·
June 5, 2023
မိုခါမုန်တိုင်းအလွန် ရခိုင်ဒေသ အငတ်ဘေးနှင့် ရောဂါဘေးကြုံတွေ့ရနိုင်ဟု ကုလပြော
Donate to DVB

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်း ရိုက်ခတ်မှုဒဏ်ခံရအပြီး အချိန်သီတင်း ၂ ပတ် ကျော်ကြာလာတဲ့တိုင်အောင် ရခိုင်ဒေသမှာ ထောက်ပံ့ကူညီမှုတွေ လက်လှမ်းမီ ရရှိဖို့ မသေချာတဲ့အပြင် နောက်ဆက်တွဲ ရောဂါကူးစက်ပျံ့ပွားမှုနဲ့ အဓိကစားနပ်ရိက္ခာ အကျပ်အတည်းက အမှန်တကယ် ခြိမ်းခြောက်မှုအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

မိုခါ ဆိုင်ကလုန်းမုန်တိုင်း ရိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေအိမ်အဆောက်အအုံတွေ၊ လယ်ယာမြေတွေနဲ့ တိရစ္ဆာန်တွေ ထိခိုက်ပျက်စီးဆုံးရှုံးပြီးနောက် လူဦးရေ ၁ ဒသမ ၆ သန်းလောက်ဟာ အရေးပေါ် အကူအညီတွေ အပြင်းအထန် လိုအပ်နေတာပါ။

ရခိုင်ပြည်နယ်မှာ မုတ်သုံရာသီ ဝင်ရောက်ဖို့ သိပ်မလိုတော့တဲ့အချိန်မှာ စားနပ်ရိက္ခာတွေ ရရှိနိုင်ဖို့နဲ့ သန့်ရှင်းတဲ့ သောက်သုံးရေ အရင်းအမြစ်တွေ ရရှိနိုင်ဖို့ အချိန်နဲ့ တပြေးညီလုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ထိုက်တန် မစ်ထရာက ပြောပါတယ်။

“နိုင်ငံတကာအသိုက်အဝန်းကို ထိခိုက်နစ်နာတဲ့ အသိုက်အဝန်းတွေဆီ ရောက်ရှိနိုင်ဖို့ ကျယ်ကျယ်ပြန့်ပြန့် ဝင်ရောက်ခွင့်ပေးရမယ်။ အဲဒါက အရမ်းအရေးကြီးတဲ့ လိုအပ်ချက် တခု ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့လတုန်းကတော့ ကုလသမဂ္ဂက မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူတွေကို ကူညီနိုင်ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၃၃၃ သန်း အရေးပေါ်ရန်ပုံငွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပေမဲ့ လိုအပ်နေတဲ့သူတွေဆီ လက်လှမ်းမီမှု မရှိတာကြောင့် မလုံလောက်သေးပဲ ကျေးလက်ဒေသတွေမှာဆိုရင်လည်း ပံ့ပိုးကူညီမှုတွေ လုံလောက်စွာ ရရှိနိုင်ဖို့ ဝေးကွာနေသေးတယ်လို့ သူက ပြောပါတယ်။

“တချို့ဒေသတွေမှာ ဒေသခံအလှူရှင်တွေက ထောက်ပံ့ကူညီမှု တချို့ပေးနေတာ ရှိတယ်။ စစ်တပ်ရဲ့ ထောက်ပံ့ပို့ဆောင်ရေးကနေတဆင့် အဲဒါကို CSOs (အရပ်ဘက်အဖွဲ့အစည်းတွေ) အဖြစ် လမ်းကြောင်းပေးနေတာတွေ ရှိတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေကတော့ လတ်တလောမှာ အကန့်အသတ်နဲ့သာ ဝင်ရောက်ခွင့် ရရှိထားပါတယ်။”

ဒါ့အပြင် မုန်တိုင်းသင့်ပြည်သူတွေဟာ လာမယ့်သီတင်းပတ်တွေအတွင်း စားနပ်ရိက္ခာအတွက် စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဦးမှာ မဟုတ်သေးရင် လာမယ့်လတွေမှာ အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်ကြောင်းလည်း မစ္စတာ မစ်ထရာက သတိပေးထားပါတယ်။

“မုန်တိုင်းသင့် ဒေသတွေက အိမ်ထောင်စုတွေမှာ သူတို့ရဲ့ စိုက်ပျိုးရေးအတွက် မျိုးစေ့တွေ လုံးဝ ဆုံးရှုံးသွားတယ်။ အဲဒီတော့ ကျနော်တို့ မျှော်မှန်းထားရမှာက ထိရောက်တဲ့ အကူအညီပေးရေး တုံ့ပြန်မှုတွေသာ မရှိဘူးဆိုရင် စားနပ်ရိက္ခာ ရရှိနိုင်မှုနဲ့ အားထုတ်နိုင်မှုဟာ ကြီးမားတဲ့ ပြဿနာ ဖြစ်လာလိမ့်မယ်။”

မိုခါမုန်တိုင်း ရိုက်ခတ်မှု မခံရခင်ကတည်းက ရခိုင်ပြည်နယ်က ပြည်သူတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဆင်းရဲမှုနဲ့ နေထိုင်ကြရပြီး လူဦးရေ ၂ သိန်းလောက်ဟာ ဒေသတွင်း ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေထိုင်ကြရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ထဲမှာတော့ ပြည်နယ်လူဦးရေရဲ့ ထက်ဝက်လောက်ဟာ စီးပွားရေး အကျပ်အတည်းကြောင့် စားနပ်ရိက္ခာပြတ်တောက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

မစ္စတာ မစ်ထရာက “တကယ်လို့များ နိုင်ငံတကာအသိုက်အဝန်းရဲ့ လျင်မြန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ အကောင်အထည်မဖော်နိုင်ရင်တော့ “မဆုံးနိုင်တဲ့ ဒုက္ခသံသရာနဲ့ ဆက်ပြီးတော့ လည်ပတ်နေရတော့မှာပဲ။” လို့ပြောပါတယ်။

NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုးသွားမယ်လို့ ကနဦးထုတ်ပြန်ထားကာ မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်ပေါ်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း၊ မကွေး နဲ့ ချင်း စတဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောထားပါတယ်။

မိုခါမုန်တိုင်းသင့် မြန်မာပြည်သူတွေအတွက် ကူညီထောက်ပံ့ရေးပစ္စည်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွားလာခွင့်အတွက် စစ်ကောင်စီဆီကနေ အတည်ပြုချက် စောင့်ဆိုင်းနေဆဲဖြစ်ပြီး ပြည်သူတွေကို ကူညီခွင့်ရဖို့ အရေးတကြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

မိုခါ မုန်တိုင်းသင့်ဒေသတွေအတွက် လက်ရှိအချိန်ထိ မုန်တိုင်းဘေးသင့်လူဦးရေ ၆၃,၀၀၀ ကျော်အတွက်သာ အမိုးအကာနဲ့ တခြားလူမှုကယ်ဆယ်ရေးပစ္စည်းတွေ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ UNOCHA မြန်မာက ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းသင့် ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေမှာတော့ လက်ရှိအချိန်ထိ နိုင်ငံတကာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေ အလုံအလောက် မရရှိသေးဘဲ စစ်ကောင်စီဘက်ကလည်း ထိရောက်တဲ့ထောက်ပံ့မှု မရှိသေးဘူးလို့ ဒေသခံတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013